ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Starlink နဲ့ ပထဝီနိုင်ငံရေး

February 23, 2026

ဒီနေ့ခေတ်မှာ ကမ္ဘာ့နေရာအတော်များများဟာ အင်တာနက် အသုံးပြုခွင့်မရတဲ့ ပြဿနာကြီးနဲ့ ရင်ဆိုင်နေရဆဲပါ။ အမေရိကန်နည်းပညာဘီလီယံနာ အီလွန်မတ်စ်က Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို စမိတ်ဆက်တုန်းက ရည်ရွယ်ချက်ဟာ ဒီပြဿာနာကို ဖြေရှင်းဖို့ပါ။

သမားရိုးကျ နည်းလမ်းတွေနဲ့ အင်တာနက်ချိတ်ဆက်ဖို့ မဖြစ်နိုင်တဲ့ နေရာတွေ၊ ကုန်ကျစရိတ်ကြီးလွန်းလို့ အင်တာနက်ချိတ်ဆက်ဖို့ လက်လျှော့ထားရတဲ့ ကမ္ဘာတစ်လွှားက ဒေသတွေဆီ အင်တာနက် အမြန်ဆုံးရောက်ရှိစေဖို့ ရည်ရွယ်ပြီး Starlink ကို ပုံစံထုတ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ အခြားဂြိုဟ်တုအခြေပြု အင်တာနက်ကုမ္ပဏီတွေ ရှိနေပေမယ့်လည်း အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီက Starlink ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

Starlink ဟာ ကမ္ဘာ့ပတ်လမ်းထဲက ဂြိုဟ်တုအငယ်စားပေါင်း ၁၀,၀၀၀ လောက်နဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုစနစ်တစ်ခု ဖြစ်ပါတယ်။ Starlink ဂြိုဟ်တုတွေဟာ လေဆာနည်းပညာနဲ့ ဒေတာတွေကို အပြန်အလှန် ပေးပို့ကြပါတယ်။ ဒါကြောင့် မြေပြင်စခန်းတစ်ခုခုနဲ့ အမြဲတမ်း တိုက်ရိုက်ချိတ်ဆက်နေစရာ မလိုအပ်ပါဘူး။

ကမ္ဘာ့အထက် ကီလိုမီတာ ၃၆,၀၀၀ အကွာမှာ လည်ပတ်နေတဲ့ အခြားဂြိုဟ်တုအင်တာနက်တွေနဲ့ မတူတာကတော့ Starlink ဂြိုဟ်တုတွေဟာ ကမ္ဘာ့အထက် ကီလိုမီတာ ၅၅၀ လောက်မှာပဲ ရှိနေတာပါ။

Starlink အင်တာနက်အသုံးပြုသူတွေဘက်က အီလက်ထရောနစ် အင်တာနာပါတဲ့ လက်ခံစက်အသေးစားလေး တစ်ခုပဲ လိုအပ်ပါတယ်။ အဲဒီအင်တာနာဟာ အပေါ်ကနေ ဖြတ်သွားတဲ့ ဂြိုဟ်တုတွေဆီကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ အဲဒီစက်ကနေ ဂြိုဟ်တုဆီက အချက်အလက်တွေကို ဖမ်းယူပြီး အနီးအနားက Router ဆီ ပို့လွှတ်ပေးပါတယ်။ ဒီလိုနည်းနဲ့ မြန်နှုန်းမြင့် ဘရော့ဘန်းအင်တာနက်ကို ရရှိစေတာပါ။

၂၀၁၉ မှာ စမိတ်ဆက်ပြီးနောက်ပိုင်း Starlink ကို အသုံးပြုနိုင်တဲ့ နယ်ပယ်တွေက သိသိသာသာ ကျယ်ပြန့်လာခဲ့ပါတယ်။ Starlink အင်တာနက်ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေမှာ ဆက်သွယ်ရေးအတွက် သုံးသလို ၊ စစ်တပ်တွေကလည်း အသုံးပြုပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေမှာလည်း အသုံးပြုကြပါတယ်။ ဥပမာ- ရန်သူရဲ့ ပစ်ခတ်ဖျက်ဆီးမှုကြောင့် အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတဲ့နေရာတွေ ၊ အာဏာရှင်အစိုးရတွေက အင်တာနက် ဖြတ်တောက်ထားတဲ့ ဒေသတွေမှာ အသုံးပြုကြပါတယ်။

ဒါကြောင့်ပဲ အီလွန်မတ်စ်ဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ယောက် ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ပထဝီနိုင်ငံရေးဩဇာအာဏာကို ရလာခဲ့တယ်လို့ The Atlantic မဂ္ဂဇင်းက ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ကတည်းက Starlink ဟာ စစ်မက်ဇုန်တွေမှာ အရေးပါဆုံး ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ သူတို့ တပ်ရင်းတပ်ဖွဲ့တွေကြား ချိတ်ဆက်ဖို့၊ ဒရုန်းတွေ မောင်းနှင်ဖို့နဲ့ လူမပါတဲ့ မြေပြင်တိုက်ခိုက်ရေးစနစ်တွေကို ထိန်းချုပ်ဖို့အတွက် Starlink ကို အသုံးပြုကြပါတယ်။ အရပ်ဘက်မှာဆိုရင်လည်း ဆေးရုံတွေ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေနဲ့ မီးရထားလမ်းကွန်ရက်တွေမှာပါ Starlink ကို သုံးနေတာပါ။ ရုရှားစစ်တပ်ကလည်း တတိယနိုင်ငံတွေကတစ်ဆင့် တရားမဝင် မှောင်ခိုသွင်းလာတဲ့ စက်တွေကို သုံးပြီး Starlink အင်တာနက်ကို ရယူနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ရုရှားဘက်က သုံးစွဲနေတာတွေကို တတ်နိုင်သမျှ ကန့်သတ်နိုင်ဖို့အတွက် Starlink ရဲ့ SpaceX ကုမ္ပဏီနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ဆူဒန်ပြည်တွင်းစစ်မှာလည်း Rapid Support Forces (RSF) လက်နက်ကိုင်အဖွဲ့ဟာ သူတို့ရဲ့ တပ်ဖွဲ့ယူနစ်တွေအကြား ချိတ်ဆက်ဖို့ Starlink အင်တာနက်ကို အဓိကထား အသုံးပြုနေပါတယ်။ RSF တပ်ဖွဲ့ဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဆူဒန်အစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ RSF တပ်ဖွဲ့ဟာ ယူအေအီးနိုင်ငံကနေတစ်ဆင့် Starlink စက်ပေါင်း ရာနဲ့ချီ မှောင်ခိုသွင်းယူထားပါတယ်။ ဒါကြောင့် ဆူဒန်မှာ Starlink စက်တွေရဲ့ မှောင်ခိုဈေးကွက် အကြီးအကျယ် ဖြစ်ထွန်းနေပါတယ်။ ဆူဒန်အစိုးရတပ်ဘက်က ဒီစက်တွေ မှောင်ခိုသွင်းနေတာကိုရော ၊ အသုံးပြုနေတာတွေကိုပါ ပိတ်ပင်တားဆီးဖို့ ကြိုးစားနေပါတယ်။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ၂၀၂၆ ဇန်နဝါရီလထဲမှာပဲ အီရန်တစ်နိုင်ငံလုံးမှာ အရှိန်အဟုန်နဲ့ ပေါ်လာပါတယ်။ ဒါကို ပြင်းပြင်းထန်ထန် ဖိနှိပ်တုံ့ပြန်တဲ့ အီရန်အစိုးရဟာ တစ်နိုင်ငံလုံးက အင်တာနက်တွေ ဖြတ်တောက်လိုက်ပါတယ်။ ထောင်နဲ့ချီတဲ့ Starlink စက်တွေ အီရန်နိုင်ငံထဲကို မှောင်ခိုဝင်လာပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ Starlink ကြောင့် အီရန်ဆန္ဒပြသူတွေဟာ အစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုကို ကျော်လွှားပြီး ဆန္ဒပြပွဲတွေ ဆက်လက်ချိတ်ဆက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မကြာသေးခင်က နိုင်ငံတကာသတင်းတွေထဲ ပလူပျံသွားတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ သတင်းအမှောင်ချခံရတာတွေကို ကျော်လွှားဖို့ ၊ အင်တာနက်ရဖို့အတွက် Starlink ကို အရင်ကတည်းက တရားမဝင် ဝယ်ယူပြီး အသုံးပြုခဲ့ကြပါတယ်။

၂၀၂၆ ဇန်နဝါရီလမှာ အဲဒီအချိန်က အာဏာရှင်သမ္မတ နီကိုးလပ်စ်မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးတဲ့နောက် အီလွန်မတ်စ်က ဗင်နီဇွဲလားပြည်သူတွေအတွက် Starlink အင်တာနက်ကို တစ်လစာ အခမဲ့ ပေးသုံးခဲ့ပါတယ်။

အစ္စရေး – ဟားမတ်စ် စစ်ပွဲဒဏ်ကြောင့် ရစရာမရှိတော့တဲ့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေအတွက် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လကတည်းက Starlink အင်တာနက်ကို အသုံးပြုနေခဲ့ပါတယ်။ ကူညီရေးအဖွဲ့တွေနဲ့ ကွင်းဆင်းဆေးရုံတွေဟာ အဝေးရောက် ကျန်းမာရေးအထောက်အကူပေးနိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် Starlink အင်တာနက်ကို အသုံးပြုကြပါတယ်။

အရင်က Starlink အင်တာနက်ကို ပိတ်ပင်ထားခဲ့တဲ့ နိုင်ငံတွေမှာ အခုနောက်ပိုင်း ပြန်ဖွင့်ပေးလာတာတွေ တွေ့ရပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ Starlink ဟာ အင်တာနက် သုံးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေတာက များပါတယ်။ ဒီအချက်ကပဲ အီလွန်မတ်စ်အနေနဲ့ ကမ္ဘာအနှံ့က နိုင်ငံရေးအရ ထိရှလွယ်တဲ့ ဒေသတွေအထိ သူ့ရဲ့သြဇာအာဏာကို ချဲ့ထွင်ခွင့် ရလာပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဟက်ကာတွေကို ရှောင်တိမ်းဖို့ ၊ လျှို့ဝှက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ Starlink အင်တာနက်ကို မှီခိုနေရပါတယ်။ ဒါပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ အီလွန်မတ်စ်ရဲ့ ညှာတာမှုကို မှီခိုနေရသလို ဖြစ်နေပါတယ်။ ရုရှားသင်္ဘောတွေကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ဖို့အတွက် ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ Starlink အင်တာနက်ဝန်ဆောင်မှု ဖွင့်ပေးဖို့ကို အီလွန်မတ်စ်က ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန်-ယူကရိန်း တွင်းထွက်သယံဇာတဆိုင်ရာ သဘောတူညီချက်ရဖို့အတွက် ဖိအားပေးရာမှာ အမေရိကန်ဘက်က ယူကရိန်းမှာ Starlink အင်တာနက် ဖြတ်တောက်ဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ဖူးပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်က Starlink ကို ဝေဖန်ကြတာတွေ ရှိပါတယ်။Starlink ဂြိုဟ်တုတွေရဲ့ သက်တမ်းဟာ ငါးနှစ်တောင် မပြည့်ပါဘူး။ ပျမ်းမျှအားဖြင့် တစ်ရက်ကို ဂြိုဟ်တု တစ်လုံး နှစ်လုံးလောက်ဟာ ကမ္ဘာ့လေထုထဲမှာ လောင်ကျွမ်းပျက်စီးနေပါတယ်။ အဲဒီလို လောင်ကျွမ်းတဲ့အခါ အလူမီနီယမ်အောက်ဆိုဒ်တွေ ထွက်လာပြီး အိုဇုန်းလွှာကို ထိခိုက်စေသလို ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် Starlink ဂြိုဟ်တုထောင်ပေါင်းများစွာက နေရောင်ကို ပြန်ဟပ်တာကြောင့် ညဘက် ကောင်းကင်ယံကို ပိုလင်းစေပြီး တိရစ္ဆာန်တွေရဲ့ သဘာဝနေထိုင်မှုကိုပါ ထိခိုက်လာစေနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဂြိုဟ်တုအင်တာနက်ကွန်ရက်နယ်ပယ်မှာ Starlink ရဲ့ တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားမှုကို ဖြိုဖျက်ဖို့အတွက် ဥရောပကုမ္ပဏီတွေ အပါအဝင် တခြား ပြိုင်ဘက်တွေကလည်း နည်းလမ်းအသစ်တွေ ရှာဖွေနေကြပါပြီ။ အခုလောလောဆယ်မှာ SpaceX ရဲ့ အကြီးမားဆုံး ပုဂ္ဂလိက ပြိုင်ဘက်ကတော့ Eutelsat ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ရဲ့ OneWeb ဝန်ဆောင်မှုဟာ ဂြိုဟ်တု အစင်းရေ ၆၀၀ ကျော်ပဲ ရှိသေးတာမို့ Starlink ထက် အများကြီး သေးငယ်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပင်လယ်ရေကြောင်းကဏ္ဍမှာ အသုံးပြုဖို့ကိုပဲ အဓိကထားပါတယ်။

အမေရိကန် ပြည်တွင်းမှာလည်း အီလွန်မတ်စ်မှာ ပြိုင်ဘက် ရှိနေပါတယ်။ အဲဒါကတော့ ဘီလီယံနာ ဂျက်ဖ်ဘေးဇိုးစ်ရဲ့ Amazon ကုမ္ပဏီက လုပ်ဆောင်နေတဲ့ Amazon Leo ဂြိုဟ်တုအင်တာနက်စီမံကိန်းပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း သူတို့ကိုယ်ပိုင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် နှစ်ခုကို အဆင့်မြှင့်တင်နေပါတယ်။

အမျိုးသားအကျိုးစီးပွားနဲ့ စစ်ရေးရည်ရွယ်ချက်တွေအတွက် အဓိကထားတဲ့ Guowang စီမံကိန်းမှာ ဂြိုဟ်တုပေါင်း ၁၃,၀၀၀ အထိ ပါဝင်မှာဖြစ်ပြီး စီးပွားရေးကို ပိုအားပြုတဲ့ Qianfan စီမံကိန်းမှာတော့ ဂြိုဟ်တုပေါင်း ၁၂,၀၀၀ လောက် ပါဝင်မှာ ဖြစ်ပါတယ်။ Qianfan စီမံကိန်းဟာ စက်မှုဖွံ့ဖြိုးစ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။

အီလွန်မတ်ရဲ့ SpaceX ကုမ္ပဏီဟာ Starlink အင်တာနက်ဂြိုဟ်တုတွေကို အခြားဘယ်ကုမ္ပဏီကမှ အမီမလိုက်နိုင်အောင် တစ်ရက်မှာ လေးစင်းအထိ ထုတ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်တုတွေကို SpaceX ရဲ့ Falcon 9 ဒုံးပျံနဲ့ အာကာသထဲသို့ တစ်ကြိမ်တည်းနဲ့ အစင်းရေဒါဇင်နဲ့ချီပြီး လွှတ်တင်နိုင်ပါသေးတယ်။

အီလွန်မတ်ဟာ သူ့ရဲ့ ဂြိုဟ်တုအင်တာနက်ကွန်ရက်နဲ့ သူ့ စိတ်ဆန္ဒကို ကမ္ဘာပေါ်က လူသားတွေက မထိန်းချုပ်နိုင်တော့မယ့် အနာဂတ်မျိုးကို မျှော်လင့်နေပုံရတယ်လို့ The Atlantic မဂ္ဂဇင်းက ဖော်ပြပါတယ်။

Ref: DW News ၊ The Week ၊ The Atlantic

ဈာန်ဟိန်း