ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အွန်လိုင်းဆယ်လီ “ဧရာဝတီမ” ကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၊ မယ်တောင်ဒေသရှိ သစ်ပင်အောက်၌ “ဧရာဝတီမ” ဟု လူသိများသည့် အသက် ၃၃ နှစ်အရွယ် ကိုတင်ဇော်ထွေး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုတင်ဇော်ထွေးသည် LGBTQIA2S+ တစ်ဦးဖြစ်ပြီး ဧရာဝတီမအမည်ဖြင့် ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါ (Followers) ပေါင်း သိန်းချီရှိသည့် နာမည်ကြီးသူတစ်ဦးလည်း ဖြစ်သည်။
အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရှိရပြီး ဦးခေါင်းရိုက်ခွဲခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း အလောင်းစစ်ဆေးချက်အရ သိရသည်။ အနီးတွင် ရိုက်သတ်ရာ၌ အသုံးပြုခဲ့သည်ဟု ယူဆရသော သွေးပေနေသည့် သစ်သားတုတ်ကိုလည်း တွေ့ရှိရသည်။
အလောင်းအနီးတွင် အရက်ပုလင်း၊ အိတ်၊ အလှကုန်ပစ္စည်း၊ ဘဏ်စာအုပ်နှင့် ကွန်ဒုံးများ တွေ့ရှိရပြီး သေဆုံးသူ၏ တန်ဖိုးရှိပစ္စည်းများ ပျောက်ဆုံးနေကြောင်း သတင်းတွင်ဖော်ပြသည်။
မသေဆုံးမီည ၁၁ နာရီခွဲခန့်တွင် ကိုတင်ဇော်ထွေးသည် ၎င်း၏အခန်းမှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ နောက်တစ်နေ့ညနေပိုင်းတွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုတင်ဇော်ထွေးသည် ကျူးလွန်သူဟု ယူဆရသည့် ကိုသီဟ အပါအဝင် အမျိုးသားနှစ်ဦးနှင့်အတူ ဆိုင်တစ်ဆိုင်တွင် ဘီယာ၊ အမြည်းနှင့် ရေခဲတို့ ဝယ်ယူကာ လမ်းလျှောက်ထွက်သွားသည်ကို CCTV မှတ်တမ်းများအရ တွေ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
၎င်းတို့ထွက်သွားသည့်လမ်း၏ အရှေ့ဘက်သစ်ပင်အောက်တွင် ခွေးကျောင်းထွက်လာသော ရွာသားတစ်ဦးက အလောင်းကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့ခြင်းဖြစ်သည်။ အလောင်းစစ်ဆေးမှုရလဒ်အရ ကိုတင်ဇော်ထွေး သေဆုံးချိန်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကိုတင်ဇော်ထွေးနှင့် တွေ့ဆုံခဲ့သော သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများအရ ရှာဖွေနေပြီး ဓာတ်ပုံများကို ထုတ်ပြန်ထားသည်။
ကိုတင်ဇော်ထွေး၏ အလောင်းကို ကျောင်းကြီးဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး မနက်ဖြန် စနေနေ့၌ ထေ့စပန်းသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post, CH 8







