လောင်းလုံးမြို့နယ်တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မည်ကာမတ္တအဆင့်ဖြစ်ရန်ပင် မသေချာလှတော့ပေ။
ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့ပေါ် အပါအဝင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်အုပ်စုက ကြွေးကြော်ထားသည့် ဒေသတို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။
လောင်းလုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိသည့်အနက် မြို့ပေါ် ရပ်ကွက် လေးခုနှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
သို့သော် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ ၂၅ ရက်မတိုင်မီ တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုများ ခံရပြီးနောက် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမည့်ဟု ကြွေးကြော်ထားသည့်နေရာတို့တွင်ပင် မဲပုံးမထောင်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။
လတ်တလော အခြေအနေအရ စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက် လေးခုစလုံးနှင့် စစ်အာဏာရှင်တပ် ခလရ ၁၀၄ တပ်ရင်းအခြေစိုက် စခန်းကြီးကျေးရွာတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မရှိပေ။
လောင်းလုံးမြို့ပေါ်သို့ တော်လှန်ရေးတပ်တို့က ဇန်နဝါရီလ ၂၂ ရက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုများရှိကြောင်း မြို့ခံအချို့က ပြောသည်။
“ည ၆ နာရီလောက်မှာ (ဒရုန်းနဲ့ချတဲ့ဗုံးက) ရဲစခန်းကိုကျတယ်။ အဲဒီမှာ နှစ်ယောက်ထိတယ်လို့ ကြားတယ်။ ည ၈ နာရီ လောက်မှာ ချတာကတော့ ရဲစခန်းဘေးက (ပိတ်ထားသည့် ကမ္ဘာ့ရတနာ) ဘဏ်ရှေ့ကိုကျတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
ထိုသို့တိုက်ခိုက်ခံရသဖြင့် လောင်းလုံးမြို့ပေါ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် မဲရုံများ ဖွင့်နိုင်တော့မည်မဟုတ်ဘဲ ယင်းအစား ထားဝယ်မြို့အဝင်တံတား စစ်အာဏာရှပ်တပ်စစ်ဆေးရေးဂိတ်ရှိသည့် ကမြောကင်းကျေးရွာမဲရုံနှင့် ထားဝယ်မြို့ပေါ် ထွေအုပ်ရုံးတို့တွင် မဲထည့်ရမည်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
ကြိုတင်မဲထည့်ကြမည့် လောင်းလုံးမြို့ခံအချို့နှင့် မဲရုံတာဝန်ကျဝန်ထမ်းတို့မှာ ထားဝယ်မြို့ မယ်ဒီလန်းဆေးရုံအနီးရှိ ထွေအုပ်ရုံးတွင် ကြိုတင်မဲထည့်ခဲ့ရကြောင်း ကိုယ်တိုင်မဲထည့်ခဲ့သူတစ်ဦးက ဆိုသည်။
“ကျွန်မတို့ ရပ်ကွက်မှာတော့ အုပ်ချုပ်ရေးမှူးမရှိတော့ ဘာမှလာပြောတာမရှိဘူး။ သူများရပ်ကွက်ကို မေးကြည့်တာတော့ ကမြောကင်း (ရွာ) က စာသင်ကျောင်းမှာ မဲထည့်သွားရမယ်ပြောတယ်” ဟု မြို့ခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခန့်က ပြောသည်။
ရွေးကောက်ပွဲအကြိုကာလ လောင်းလုံးမြို့ပေါ်သို့ တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြို့ခံအချို့ ထားဝယ်မြို့ကို ပြောင်းသွားကြသဖြင့် လတ်တလော မြို့ပေါ်တွင် လူအနည်းငယ်သာရှိသည်ဟု ဆိုသည်။
စစ်အာဏာရှင်တပ်ကမူ ထားဝယ်နှင့် လောင်းလုံးကြား ကျေးရွာတစ်လျှောက်တွင် တပ်ဖြန့်ပြီး နေရာယူထားကြသည်။
ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် စခန်းကြီးကျေးရွာဝန်းကျင်တွင်မူ ဒေသခံများ ထွက်ပြေးနေကြရသဖြင့် မဲရုံဖွင့်သော်လည်း မဲပေးမည့်သူများ ရှိမည်မဟုတ်ပေ။
ဇန်နဝါရီလ ၁၈ ရက်က စခန်းကြီးကျေးရွာအနီးရှိ ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ပြီးနောက် စစ်အာဏာရှပ်တပ်က စခန်းကြီးရွာတွင် တပ်လာစွဲလိုက်သဖြင့် ဒေသခံများ ထွက်ပြေးနေကြရသည်။
ယင်းအပြင် စခန်းကြီးကျေးရွာသို့ မဲပေးစက်လာပို့ပြီးပြန်လာသည့် စစ်အာဏာရှင်တပ်သားမျာ လုံခြုံရေး လိုက်ပါသည့် ကားကိုလည်း တော်လှန်ရေးတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ထိုသို့ စစ်ရေးတင်မာနေသဖြင့် စခန်းကြီးကျေးရွာအုပ်စုတွင်လည်း မဲရုံဖွင့်နိုင်မည့် အခြေအနေမရှိဘဲဖြစ်နေပြီး ဖွင့်ပါကလည်း မဲထည့်မည့်သူ မရှိနိုင်ဖြစ်နေသည်။
“စခန်းကြီးမှာ မဲရုံဖွင့်နိုင်မှာ မဟုတ်ဘူး။ သူတို့ (စစ်အာဏာရှင်တပ်ဘက်) ကတော့ ၁၀၄ (တပ်ရင်းအနီးမှာရှိတဲ့) တောရှည်ရွာမှာ မဲထည့်ရမယ်လို့ လိုက်ပြောနေတာရှိတယ်။ ဒါပေမဲ့ ရွာသားတွေက ထွက်ပြေးနေရတာ ဘယ်သူက လာထည့်မှာလဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲစခန်းအခိုင်အမာပြင်ဆင်ထားသည့် မောင်းမကန်ကျေးရွာတွင်မူ မဲရုံဖွင့်နိုင်ခြေရှိနေသည်။
စစ်အာဏာရှင်တပ်က မောင်းမကန်ကျေးရွာအနီးဝန်းကျင်သို့ ဇန်နဝါရီလ ၂၂ ရက်တွင် စစ်ကြောင်းထိုးသဖြင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး စသည့်ကျေးရွာမှ ဒေသခံများ ထွက်ပြေးနေကြရသည်။
ယနေ့တွင်မူ စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်မှာ မောင်းမကန်ရွာထဲသို့ ပြန်ဆုတ်လာပြီး နေရာယူထားကြောင်း ဒေသခံတို့က ပြောသည်။
ယင်းအတွက်ကြောင့် မောင်းမကန်ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသော်လည်း ထွက်ပြေးနေရသည့် အနီးဝန်းကျင် ကျေးရွာတို့က ဒေသခံများ မောင်းမကန်သို့လာပြီး မဲလာထည့်နိုင်မည် မဟုတ်ပေ။
လတ်တလောအခြေအနေအရ စစ်ရေးတင်မာမှု အထိုက်အလျောက်လျော့နည်းသည့် ကျေးရွာမှာ ထားဝယ်မြို့နှင့် ကပ်လျက်တည်ရှိသည့် ကမြောကင်းကျေးရွာတစ်ရွာသာ ရှိနေသည်။
သို့သော် အနီးအနားကျေးရွာတို့တွင် စစ်ရေးတင်းမာနေခြင်းက ကမြောကင်းကျေးရွာဒေသခံများကိုလည်း မဲသွားထည့်ရန် စိုးရိမ်နေရသည့် အနေအထားဖြစ်နေသည်။
ကမြောကင်းကျေးရွာ မဲရုံကိုမူ အဆိုပါကျေးရွာရှိ ထားဝယ်တက္ကသိုလ်ထဲတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
ယင်းမှာ ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလို ယနေ့ ဇန်နဝါရီလ ၂၃ ရက်၏ လောင်းလုံးမြို့နယ် ပကတိ အခြေအနေဖြစ်သည်။
စစ်အုပ်စုက လောင်းလုံးမြို့နယ်ရှိ ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့အခြေအနေအရမူ ကျေးရွာအုပ်စုနှစ်ခုတွင်သာ ပြုလုပ်နိုင်ခြေရှိနေသည်။
နဂိုကပင် ကျေးရွာအုပ်စု ၃၈ စုတွင် ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း မည်ကာမတ္တအဖြစ်သာ ကျင်းပရန် စစ်အုပ်စုက ကြိုးပမ်းနေချိန် လက်ရှိအခြေအနေမှာကား ပြည်သူအနည်းငယ်မျှကိုပင် ကိုယ်စားပြုနိုင်ဖွယ် မရှိသည့် ရွေးကောက်ပွဲ ဖြစ်နေသည်။







