ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂရင်းလန်းကျွန်းကို အလုံးစုံဝင်ရောက်အသုံးပြုခွင့် ရပြီဟု ထရမ့်ဆို

January 23, 2026

နေတိုးအဖွဲ့နှင့် ရရှိသည့် သဘောတူညီချက်အရ အမေရိကန်က ဂရင်းလန်းကျွန်းသို့ အမြဲတမ်း ဝင်ရောက်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ရုရှားနှင့် တရုတ်၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အာတိတ်ဒေသ လုံခြုံရေးကို မဟာမိတ်များအနေဖြင့် ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း နေတိုးအကြီးအကဲက ဆိုသည်။

ဥရောပအပေါ် အခွန်တိုးမည့် ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုပ်သိမ်းကာ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မည့် အစီအစဉ်ကို ပယ်ချလိုက်ပြီးနောက် နေတိုးအကြီးအကဲနှင့် အမေရိကန်အကြား ယခုသဘောတူညီချက်မူဘောင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းကြောင့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ဖြစ်လုနီးပါးဖြစ်ခဲ့သည့် အမေရိကန်နှင့် ဥရောပ မဟာမိတ် ဆက်ဆံရေး တင်းမာမှုများ အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားခဲ့သည်။

အဆိုပါ သဘောတူညီချက်မူဘောင်နှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။

သို့သော်၎င်းတို့၏ အချုပ်အခြာအာဏာကို အလျှော့အတင်း ဆွေးနွေးမည်မဟုတ်ကြောင်း ဒိန်းမတ်ဘက်က အခိုင်အမာ ပြောဆိုသည်။

အဆိုပါ သဘောတူညီချက်မူဘောင်နှင့် ပတ်သက်၍ ထရမ့်၏ မှတ်ချက်ကို ဂရင်းလန်းဝန်ကြီးချုပ်က ကြိုဆိုသော်လည်း အသေးစိတ်အချက်အလက်များကို ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောသည်။

“ဒီသဘောတူညီချက်ထဲမှာ ကျွန်တော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေပါသလဲဆိုတာ မသိရသေးပါဘူး” ဟု ဂရင်းလန်းကျွန်း၏ မြို့တော် နုခ်တွင် ၎င်းက သတင်းထောက်များကို ပြောကြားသည်။

ဂရင်းလန်းကျွန်းရှိ အမေရိကန်စစ်စခန်းပတ်ဝန်းကျင်ဒေသများကို ထိန်းချုပ်ရန် ထရမ့်က ကြိုးပမ်းနေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ ဂရင်းလန်းဝန်ကြီးချုပ်က “ပိုကောင်းတဲ့ လက်တွဲဆောင်ရွက်မှုတွေအတွက် ဆွေးနွေးဖို့ အသင့်ရှိပေမဲ့ အချုပ်အခြာအာဏာကတော့ ကျော်လို့ မရတဲ့ စည်းပါပဲ” ဟု ဂရင်းလန်းဝန်ကြီးချုပ်က တုံ့ပြန်သည်။

“ကျွန်တော်တို့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းတွေကို ကျော်လို့မရပါဘူး။ နယ်မြေပိုင်ဆိုင်မှုဂုဏ်သိက္ခာ ၊ နိုင်ငံတကာဥပဒေနဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာရပါမယ်” ဟု ၎င်းက ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အပြီးတွင် ထရမ့်က အမေရိကန်အတွက် ပိုမိုအကျိုးအမြတ်များမည့် သဘောတူညီချက်သစ်တစ်ခုကို ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂရင်းလန်း၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သည့် မေးခွန်းများကို ထရမ့်က ရှောင်လွှဲခဲ့သော်လည်း “ကျွန်တော်တို့ လုပ်ချင်တာကို အတိအကျ လုပ်ပိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် အမေရိကန်အတွက် အလုံးစုံဝင်ရောက်အသုံးပြုခွင့် ရရှိစေမည်ဖြစ်ကြောင်း ယင်းမတိုင်မီကတည်းက ထရမ့်က ပြောဆိုထားသည်။

ဥရောပသမဂ္ဂခေါင်းဆောင်များ အရေးပေါ်တွေ့ဆုံခဲ့သည့် ပြီးခဲ့သည့်အပတ်တွင် ဥရောပသမဂ္ဂအကြီးအကဲက အမေရိကန်နှင့် ၎င်းတို့အကြား ဆက်ဆံရေးမှာ အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း ပြောဆိုထားသည်။

Source: Reuters