ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

December 22, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

နိုဝင်ဘာလ၁၄ရက်တွင် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောတောင်သို့လာသည့် လမ်းရှိ သဲဖြူနှင့် သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။

ကားလမ်းများ သွားလာ၍ မရသဖြင့် မောတောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာတွင် ဥယျာဉ်ခြံများတွင် ကွမ်းသီးများ ခူးသော်လည်း ဝယ်သူမရှိကြောင်း သဲဖြူရွာဝန်းကျင်ရှိ စစ်ရှောင်ဘေးအရေး ကူညီနေသူတစ်ဦးက ပြောသည်။

“စစ်ရှောင်ရင်းနဲ့ သွားလို့ရတဲ့ (ဥယျာဉ်) ခြံတွေမှာ သွားကောက်ပြီး ကွမ်းသီးတွေ ခွဲပြီး နေလှန်းထားကြတယ်။ ဝယ်သူ မရှိတော့ သွားကောက်လို့ မရတဲ့သူတွေက မကောက်ကြဘူး” ဟု ၎င်းက ဆိုသည်။

ကွမ်းသီးများကို နှစ်ခြမ်းခွဲ၍ အခြောက်လှန်းသူရှိသလို အလုံးလိုက် အခြောက်လှန်း၍ သိုထားသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကွမ်းသီးပေါ်ချိန်ဖြစ်သော်လည်း ကွမ်းသီး မရောင်းရသဖြင့် ဝင်‌‌ငွေမရှိသောကြောင့် ရက်ရှည် စစ်ဘေးရှောင်ရပါက စားဝတ်နေ‌ရေးအတွက် ပိုခက်ခဲနိုင်ကြောင်း သဲဖြူဒေသခံတစ်ဦးက ပြောဆိုသည်။

သဲဖြူရွာမှ စစ်ဘေးရှောင်ဒေသခံတစ်ဦးကလည်း “အစားအသောက်အတွက် ခက်ခဲလာနိုင်တယ်။ ဝင်‌ငွေက ဘာလမ်းကြောင်းလည်း မရှိတော့ အလွန်ဆုံးခံနိုင်ရင် တစ်လပဲ။ ကွမ်းသီးပေါ်ချိန်ဖြစ်နေတာတောင် မရောင်းရဘူး။ အဖက်ဖက်ကနေ တားဆီးနေတာ ဖြစ်တဲ့အတွက် ပြန်သွား ကောက် (ခူး)သူ တွေက နည်းတယ်။ ကွမ်းသီးပေါ်ချိန် မရောင်းရတော့ စားနပ်ရိက္ခာအတွက် တော်တော်ခက်ခဲလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

မောတောင်မြို့နှင့် အနီးဝန်းကျင်ရှိ ရွာများတွင် ဒေသခံအချို့ ရွာထဲသို့ ပြန်ဝင်နေကြသော်လည်း ဥယျာဥ်ခြံလုပ်ကိုင်သူ များသည် ကွမ်းသီးများကို ဝယ်ယူသူမရှိသဖြင့် အခက်တွေ့နေကြောင်း မောတောင်မြို့ခံတစ်ဦးက ဆိုသည်။

“ကွမ်းသီးတွေက ကားလမ်းတွေ အကုန်ပိတ်နေတော့ ရောင်းလို့လည်း မရဘူး။ အိမ်မှာပြန်နေပေမယ့် စားဖို့သောက်ဖို့ အတွက်က အဆင်မပြေဘူး။ ကုန်စုံဆိုင်တွေလည်း ကုန်တွေပြတ်တော့မယ်။ ဖွင့်တဲ့ဆိုင် သုံးဆိုင်လောက်ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

သဲဖြူရွာ၊ အမှတ်၉ရွာ၊ အမှတ်၈ရွာနှင့် အနီးဝန်းကျင်ရှိ ရွာများရှိ ဥယျာဥ်ခြံများတွင် ကွမ်းသီးပင်ကို အဓိက စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

မောတောင်မြို့မှ သဲဖြူရွာအထိ စစ်ရှောင်သူဦးရေ ခုနစ်ထောင်ဝန်းကျင်ရှိကြောင်း စစ်ရှောင်ကူညီနေသူများ ထံမှ သိရသည်။