ပလောက်မြို့ ၊ အမှတ် ၁ ရပ်ကွက်၊ ဗဟိုလမ်းတွင်ရှိသော နယူးစတိုင် ကုန်စုံဆိုင်နှင့် ယင်းဆိုင်နံဘေးရှိ ပျဥ်ထောင် အိမ်တစ်လုံး ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းက မီးလောင်ကြောင်း မြို့ခံများနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုကြောင့် ပျဥ်ထောင်အိမ်နှင့် ကုန်စုံဆိုင်ဖွင့်ထားသည့် သုံးထပ်တိုက်တွင်မူ ဒုတိယအထပ်တစ်ထပ် မီးလောင်ပျက်စီးခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
ဝါယာရှော့ဖြစ်ရာမှ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း လူထိခိုက်မှု မရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မီးလောင်မှုကို ပလောက်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေသူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း ဆိုသည်။
မြိတ်မြို့တွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ရွှေပြည်တန်လမ်းမကြီးနှင့် ငွေပုလဲရပ်ကွက်တွင်ရှိသော နေအိမ်နှစ်လုံး မီးလောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား ပျူစောထီးများတပ်စွဲထားသည့် နေရာတွင်လည်း ဒီဇင်ဘာလ ၂၀ရက်က မီးလောင်မှုဖြစ်ကာ မြို့အတွင်း မီးလန့်ခဲ့သေးကြောင်း မြို့ခံများနှင့် တံတားအနီးနေထိုင်သူများထံမှ သိရသည်။
ယခု ဒီဇင်ဘာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင် မီးလောင်မှု ခြောက်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် တစ်ဆောင် ၊ နေအိမ်လေးလုံးနှင့် ကုန်တင်ယာဥ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် စာရင်းများအရသိရသည်။







