ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး စခန်းကြီးရွာတွင် ကလေးတစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံး

December 22, 2025

ပုံစာ - စခန်းကြီးရွာအတွင်းတစ်နေရာ။ ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

တောရှည်ရွာရှိ ခလရ ၁၀၄ စစ်အာဏာရှင်တပ်ရင်းအား တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာလ ၂၁ရက် နံနက် ၈နာရီဝန်းကျင်တွင် ဒရုန်းဖြင့် လာရောက် ဗုံးချတိုက်ခိုက်ကြောင်း စုံစမ်းသိရသည်။

ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ လက်နက်ကြီးကျည်တစ်လုံးမှာ စခန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်တပ်က လိုက်ပစ်တဲ့ လက်နက်ကြီးက ရွာထဲကိုကျသွားတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ်ရှိ ယောင်္ကျားလေးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် ချက်ချင်းသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်း တစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၂၂ရက် နံနက်ပိုင်းတွင် စခန်းကြီးကျေးရွာအတွင်းသို့ရောက်ရှိနေပြီး ရွာသူရွာသားအချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။