ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း သင်းကျွန်းရွာတွင် မှတ်ပုံတင်မလဲ၍ဟုဆိုကာ စစ်အာဏာရှင်တပ်စစ်ကြောင်းက ငွေညှစ်

December 22, 2025

ပုံစာ - ထားဝယ်မြို့ လ၀က ရုံးတွင် မှတ်ပုံတင်လုပ်နေသူများ။ ဓာတ်ပုံ - Dawei Watch

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မှတ်ပုံတင်မလဲ၍ ဟုဆိုကာ ငွေညှစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှတစ်ဆင့် သင်းကျွန်းရွာသို့ရောက်လာပြီး ယနေ့ နေ့လယ်ပိုင်းအထိ ကျေးရွာအတွင်း တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

ထိုသို့ တပ်စွဲထားချိန် ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲထားသူများကို ငွေညှစ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံရသူများ ပြောပြချက်ကို ကိုးကားပြီး သင်းကျွန်းရွာခံတစ်ဦးက ဆိုသည်။

“(ကျပ်)ငါးသောင်းတောင်းတယ်။ နှစ်သောင်း၊သုံးသောင်း ပေးတာကိုတောင် လက်မခံဘူး။ ရှေးရှေးတုန်းက မှတ်ပုံတင်(မှတ်ပုံတင်အကြီး)တွေဆို တစ်သိန်းတောင်းတယ်။ မပေးရင် အိမ်မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာ” ဟု ၎င်းက ပြောသည်။

သင်းကျွန်းရွာရှိ နေအိမ်ဆယ်ချီကို ဝင်ရောက်စစ်ဆေးပြီး ဒေသခံများထံမှ ငွေကြေးတောင်းယူသွားကြောင်း သိရသော်လည်း လူဦးရေမည်မျှ ပေးလိုက်ရသည်ကိုမူ အတိအကျမသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

လက်ရှိတွင် သင်းကျွန်းကျေးရွာ စာသင်ကျောင်းအနီးရှိ နှစ်ထပ်အိမ်တွင်တပ်စွဲထားသလို ရာဇမာရ်အောင်စေတီနှင့် ဗောဓိကုန်းကြားရှိ တောင်ထိပ်တစ်နေရာတွင်လည်း တပ်စွဲနေထိုင်ကြောင်း သင်းကျွန်းရွာနေ အထက်ပါဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သားများက ကျေးရွာအတွင်းသို့ စတင်ရောက်ရှိသည့်နေ့တွင် သေနတ်ပစ်ဖောက်ခဲ့ပြီး နောက်ပိုင်းတွင် ပစ်ခတ်မှုတစ်စုံတစ်ရာမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်အာဏာရှင်တပ်သားများသည် ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ်များကိုလည်း တားဆီးစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သင်းကျွန်းရွာခံ နောက်တစ်ဦးက ဆိုသည်။

“PDF တွေ တွေ့လား ဆိုတာမျိုးမေးတယ်။ ရွာထဲက ကလေးတွေကိုတောင် PDF တွေ ဘယ်နားကလာလဲဆိုတာတွေ လိုက်လိုက်မေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်အာဏာရှင်တပ်က သင်းကျွန်းရွာအနီး တိုက်ခိုက်ခံရပြီးနောက် သင်းကျွန်းရွာက နေအိမ် ၇ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာချင်းကပ်နေသည့် ရန်တောင်ရွာက နေအိမ် ၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။