အွန်လိုင်းလိမ်လည်မှုတွေကို လေ့လာသတိပေးလေ့ရှိသူ ကိုဇင်ဇေလွင်နှင့် ဆက်သွယ်မေးမြန်းခြင်း
အာဏာသိမ်းမှုကြောင့် စီးပွားရေးကျပ်တည်းပြီး ပြည်သူတွေ အခက်အခဲဒုက္ခမျိုးစုံကြုံနေရချိန် နည်းမျိုးစုံသုံးပြီး ချွေးနှဲစာကို ဖဲ့ယူနေကြတဲ့ ဝိသမလောဘသားတွေကြောင့်လည်း ဒုက္ခအကြီးအကျယ် ရောက်ကြရပါတယ်။
စစ်အာဏာသိမ်းမှု အကျိုးဆက် စစ်ရေးပဋိပက္ခတွေကြား တရားဥပဒေစိုးမိုးမှု မရှိတော့တာကို အခွင့်ကောင်းယူပြီး ငွေလိမ်သူတွေ ခေါင်းထောင်လာကြပါတယ်။ ပုံစံမျိုးစုံနဲ့ ပေါ်ပေါ်ထင်ထင် ငွေလိမ်ကြပါတယ်။
အွန်လိုင်းပလပ်ဖောင်းကနေ လိမ်တာ၊ ဖုန်းဆက်ပြီး လိမ်တာ၊ လူချင်းတွေ့ မက်လုံးပေး ဆွဲဆောင်ပြီး လိမ်လည်ကြတာ စတာတွေ မျိုးစုံတွေ့ရပါတယ်။ အလွယ်တကူနဲ့ ငွေကြေးအများကြီးရမယ်၊ အချိန်တိုအတွင်း ငွေကြေးအများကြီးရမယ် စတဲ့ မက်လုံးတွေနဲ့ လိမ်ကြသလို အခုနောက်ပိုင်းမှာ လိမ်လည်မှုတွေကလည်း ပိုမိုပီပြင်လာတာကြောင့် ကိုယ့်ချွေးနှဲစာတွေ ပဲ့ပါမသွားအောင် သေသေချာချာ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။
ဒါ့ကြောင့် ကိုယ့်ကို ငွေလိမ်တော့မယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ ဘယ်လို မက်လုံးတွေနဲ့ ဘယ်လို နည်းနာတွေနဲ့ ချဉ်းကပ်ပြီး လိမ်လည်ကြသလဲ၊ ငွေလိမ်မခံရအောင် ဘာတွေသတိထားရမလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အွန်လိုင်းလိမ်လည်မှုတွေကို လေ့လာသတိပေးလေ့ရှိသူ ကိုဇင်ဇေလွင်နဲ့ Dawei Watch က ဆက်သွယ်မေးမြန်းထားတာ တွေကို ဖော်ပြအပ်ပါတယ်။

DW ။ အွန်လိုင်းလိမ်လည်မှုတွေက ဘယ်အချက်အလက်တွေအပေါ် အခြေခံတာများလဲ။ အများစု လိမ်လည်သူတွေမှာ ဘုံတူနေတဲ့အချက်က ဘာလဲ ။
KZZL ။ ကျွန်တော့်အမြင်ကတော့ အဓိကလုပ်တာကတော့ ရှင်းပါတယ်။ လောဘနဲ့မျှားတာပေါ့နော်။ မက်လုံးတစ်ခုခု ပေးတာမျိုး၊ ဒါမျိုးတွေကတော့ အဓိကပဲ၊ အဲဒီမှာမှ ခေတ်စားနေတဲ့ တချို့ စကားလုံးကြီးကြီးမားမားတွေ ယူသုံးမယ်။ အဲဒါနဲ့ ပတ်သက်လို့ မသိတသိဖြစ်နေတဲ့ လူမျိုးတွေကို ပစ်မှတ်ထားပြီး ဆွဲဆောင်တာပေါ့။ ဥပမာ ဒီဘက်ခေတ်ဆိုရင် အေအိုင်တို့၊ ကြားထဲမှာဆို Forex Trading တို့စသဖြင့် အဲဒီလို စကားဆန်းဆန်း ထည်ထည်ဝါဝါရှိတာတွေကိုသုံးပြီး ဆွဲဆောင်ကြတာ တော့ များပါတယ်။ အဲဒီတော့ လိမ်တဲ့ပုံစံကတော့ အများကြီးရှိတာပေါ့။ တစ်ခုနဲ့ တစ်ခုကတော့ မတူကြဘူး။ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ မူတည်ပြီး လိမ်တာမျိုးရှိတယ်။ ပစ္စည်းတစ်ခုခု လိမ်ညာပြီးတော့ ရောင်းချတာတွေ ရှိတယ်။ ပြီးရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ အချက်အလက်တွေကို တစ်နည်းနည်းနဲ့ ရအောင်ယူပြီး နောက်တော့မှ အကျပ်ကိုင်ဖို့လုပ်တဲ့ လိမ်နည်းမျိုးတွေလည်းရှိတယ်ဆိုတော့ တစ်ခုနဲ့ တစ်ခုကတော့ မတူဘူးပေါ့နော်။ ဒါပေမဲ့ ခြုံပြီး ပြောမယ်ဆိုရင်တော့ လောဘအပေါ်အခြေခံပြီးတော့ မက်လုံးတစ်ခုခုပေးဆွဲဆောင်တာတွေ များတယ်။ သိပ် မသိတသိ ဖြစ်နေတဲ့ အကြောင်းအရာမျိုးတွေအပေါ်မှာမူတည်ပြီးတော့ ဆွဲခေါ်ပြီး လိမ်ဖို့ကြိုးစားတာမျိုးကများတယ်။
DW ။ ဘယ်လိုအရာတွေ၊ ဘယ်အချက်အလက်တွေက ကိုယ့်ကိုလိမ်နေပြီလို့ သတိထားမိဖို့လိုအပ်လဲ။
KZZL ။ ကိုယ့်ကို အဓိက မက်လုံးပေးလာတာမျိုးတွေ၊ ပြောရမယ်ဆိုရင်တော့ များပြားတဲ့မက်လုံးတွေလို့ပဲ ပြောရမှာ ပေါ့နော်။ စျေးရောင်းတယ်ဆိုတာကတော့ များသောအားဖြင့် အနည်းအများ မက်လုံးကတော့ ပေးကြတာပဲ။ ဒါပေမဲ့ သာမန်ထက်ကို ပိုတဲ့ သိသာလွန်းတဲ့ အချိန်တိုတိုအတွင်း ပိုက်ဆံအများကြီးရမယ်တို့၊ လွယ်လွယ်ကူကူ ပိုက်ဆံ များများ ရမယ်တို့ စသဖြင့် မက်လုံးမျိုးတွေပေါ့။ ဒါပေးလာရင်တော့ အဓိကအားဖြင့် သိသာပါတယ်။ နောက်တစ်ခုကတော့ တချို့ဟာတွေမှာ အကောင့်အတုတွေသုံးတာမျိုး၊ ပြီးရင် အကောင့်အတုတွေ အချင်းချင်းကပဲ အပြန်အလှန် ဒီအလုပ်က စစ်မှန်ပါတယ်။ ဒါက တကယ်ကောင်းပါတယ်ဆိုပြီး အဲဒီလို အပြန်အလှန် မန့်(comment) တွေ အများကြီးပေးထားတာမျိုး ပေါ့နော်။ ပြီးရင် တခြားသောသူရဲ့ပြင်ပ Life ကို သိရစေမယ့် activities တွေ ဘာမှ အဲဒီ ပရိုဖိုင်မှာ ရှိမနေတာမျိုး၊ အဲဒီလို အကောင့်မျိုးနဲ့ ကိုယ့်ကို စကားလာပြောတာမျိုးဆိုရင်လည်း သတိထားရမှာပေါ့နော်။
DW ။ အွန်လိုင်းလိမ်လည်မှုတွေကို ဘယ်လို သဘောပေါက်ထားရမလဲ ။
KZZL ။ အဓိကတော့ ခေတ်သာပြောင်းသွားတာပါ။ လိမ်လည်မှုတိုင်းသည် လောဘကိုအခြေခံတယ်။ နောက်တစ်ခုက လူတွေရဲ့ စိတ်လောမှုကို အခြေခံတယ်။ စိတ်လောပြီးတော့ ဆွေးနွေးသင့်တဲ့သူနဲ့ ဆွေးနွေး၊ တိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင် မလုပ်ဖြစ်တော့ဘဲနဲ့ မြန်မြန်ဆုံးဖြတ်ချက်ချဖြစ်သွားအောင်လို့ ဆွဲဆောင်တာတို့ တွန်းအားပေးတာတို့ ဒါမျိုးတွေနဲ့လုပ်ခဲ့ကြ တယ်၊ တောက်လျှောက်ပဲ။ အခုခေတ်က အွန်လိုင်းမှာမို့ အွန်လိုင်းပေါ် မှာဆိုပြီး ပုံစံပြောင်းသွားတယ်။ အဓိက ဒီလိုမျိုးနဲ့ပဲ သွားနေကြတာ။
DW ။ ဆင့်ပွားစနစ် (MLM) ပုံစံဆင့်ပွားလိမ်လည်မှုတွေကရော ဘယ်လိုတွေ မြူဆွယ်နေကြလဲ။ သူတို့ရဲ့ မြူဆွယ်တဲ့ လက်နက်က မက်လုံးတွေလား။ အခြားရော ဘယ်လိုတွေ မြူဆွယ်နေကြလဲ။
KZZL ။ ဆင့်ပွားနဲ့ပတ်သက်ရင်လည်း မက်လုံးနဲ့ မြူဆွယ်တယ်။ မက်လုံးမှာမှ ငွေကြေးမက်လုံးပေါ့နော်၊ ဘယ်လောက်ရမယ် ဘာညာ ဒဲ့မြူဆွယ်တာမျိုးရှိတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ထားပါတော့ Lifestyle နဲ့ မြူဆွယ်တယ်လို့ ပြောရမှာပေါ့။ သူများကို ဘယ်လောက်ရမယ်လို့ပြောပြီးခေါ်ရင် ဒါကြီးက သိသာနေတယ်ပေါ့။ အဲဒါမျိုး မလုပ်တော့ဘဲနဲ့ ပညာသားပါပါနဲ့ ငါဘယ်လောက် ရနေတယ်ဆိုတာကို ပုံစံမျိုးမျိုးနဲ့ နည်းနည်းကြွယ်ပြတာပေါ့။ ကြွယ်ပြပြီးတော့ သူ့ဆီကို လူစိတ်ဝင်စား လာအောင်၊ လာမေးအောင်လုပ်တယ်။ အဲဒီလို လာမေးတော့မှ ရအောင်ဆွယ်တယ်ပေါ့။ ရှင်းရှင်းပြောရရင်တော့ နည်းနည်း ပိုပညာသားပါတဲ့ Marketing လို့ပဲ ပြောရမယ်ပေါ့။ ဒါကမြန်မာမှာမှ မဟုတ်ပါဘူး နိုင်ငံတကာမှာလည်း အဲဒီလို Lifestyle Marketing လို့ခေါ်တယ်။ ကိုယ့် Lifestyle ကို သူများအားကျလာအောင် လုပ်ပြီးတော့မှ ဒီလိုနေနိုင်တာ ဘာကြောင့်လဲ၊ ဘာလုပ်လဲ၊ ဘာအလုပ်တွေလုပ်တာလဲ သူများက မေးလာတော့မှ ဖြေတာမျိုးပေါ့နော် ။အဲဒီလိုလုပ်ပြီးတော့မှ ဆွဲဆောင် သွားတာ။ အဲဒီနည်းကိုတော့ နောက်ပိုင်း MLM သမားတွေသုံးတယ် ။ ပြီးရင် အခြားရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ထား ပြီးတော့ ပိုက်ဆံရမယ်လို့ လိမ်တဲ့ဟာမျိုးတွေပေါ့။ အဲဒီလိုနေရာတွေမှာ အဲဒါတွေ သုံးလာကြတာတော့ သတိထားမိတယ်။ နောက်တစ်ခုကတော့ အနိမ့်ပိုင်း တားဂတ်ပေါ့၊ နှိမ်ပြီးပြောတာတော့မဟုတ်ပါဘူး။ ဝင်ငွေအရပဲ ဖြစ်ဖြစ် ဘာမျိုးပဲဖြစ်ဖြစ် နိမ့်ပါးတဲ့သူတွေကို ဆွဲဆောင်တဲ့အခါမျိုးကျရင်လည်း အချိန်တိုအတွင်းမှာ အချိန်ပိုင်းအလုပ်တစ်ခုခု အမြန်စလို့ရမယ်။ ဒါမှမဟုတ် အခုလက်ရှိရှိနေတဲ့ အလုပ်တစ်ခုက လုပ်နေရင်း နောက်တစ်ခုကို တွဲလုပ်လို့ရမယ်၊ ဒီလိုဟာတွေနဲ့ ဆွဲဆောင် တာတွေလည်းရှိတယ်။ ဒါကတော့ ဘာအလုပ်မှ မရှိဘဲနဲ့ ရုန်းကန်နေရသူတွေအတွက် ချက်ချင်းအလုပ်တစ်ခုရမယ် ဆိုတဲ့ ဟာမျိုး၊ ပြီးရင် အခုနကလို ပညာအရည်အချင်း ထွေထွေထူးထူး မလိုဘူး၊ ဘွဲ့လက်မှတ်တွေ မလိုဘူး၊ အင်တာဗျူးတွေ ဘာတွေ အောင်ဖို့လည်းမလိုဘူး စသဖြင့် ဒီလိုပုံစံတွေနဲ့ လွယ်မယ်လို့ထင်အောင်လုပ်လိုက်တာပေါ့နော်။ အဲဒီတော့ တကယ့် တကယ်တမ်းတော့ ကိုယ့်ဘက်ကပြန်ပေးရမယ့်ဟာတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကျ ထည့်မပြောဘဲနဲ့ လွယ်လွယ်နဲ့ ဝင်လုပ်လို့ရမယ်ဆိုတာပဲ ပြောပြီးတော့ ဆွဲဆောင်တာမျိုးတွေ လည်းရှိတယ်။ အဲဒီထက်ပိုတဲ့ တော်တော်လေး ပညာသား ပါတာတွေက လူတစ်ယောက်အကြောင်းကို အသေအချာသိအောင် အေးအေးဆေးဆေး မိတ်ဆွေဖွဲ့ပြီးတော့မှ ဒီလူတကယ် လိုအပ်နေတာဘာလဲဆိုပြီး ဆွဲဆောင်တာလည်းရှိတယ်။ ဒါကတော့ အရမ်းပညာသားပါတဲ့ဟာ မျိုးပေါ့နော်။ ကျွန်တော် ကိုယ်တိုင် ဆိုရင် MLM လုပ်ငန်းမှာ ဝင်လုပ်မိခဲ့တဲ့အထဲမှာပါတယ်။ ငွေရေးကြေးရေးကြောင့် သက်သက် ဆွဲဆောင်ခံရတာမျိုး မဟုတ်ဘဲနဲ့ ဒီလုပ်ငန်းမှာရှိတဲ့ အသိုင်းအဝိုင်းက တအားကောင်းတယ်၊ တစ်ယောက်နဲ့ တစ်ယောက်လည်း အပြန်အလှန် အားပေးကြတယ်။ အဲဒီလိုပတ်ဝန်းကျင်မျိုးက ရှားတယ်ပေါ့။ ပြီးရင် အခြားစီးပွားရေးလုပ်ငန်းတွေမှာဆိုရင် အချင်းချင်း ကူညီပြီးတော့ အောင်မြင်အောင်လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ဆရာစားတွေ ချန်ကြတယ်။ ဒီစီးပွားရေး မှာတော့ အဲဒီလို မဟုတ်ဘူး၊ အချင်းချင်း အပြန်အလှန်ကူညီပြီး တစ်ယောက်တက်လာမှ နောက်တစ်ယောက်ကလည်း တက်လာ မယ်ဆိုတဲ့ သဘောမျိုးနဲ့ သွားကြတာဆိုတော့ လူတွေကိုကူညီရင်း အောင်မြင်အောင်လုပ်လို့ရတယ် စသဖြင့် အဲဒီလိုဟာတွေနဲ့ ဆွဲဆောင် တာမျိုးတွေလည်းရှိတယ်။ ကျွန်တော်က အဲဒီတုန်းက နိုင်ငံတကာက စာရေးဆရာတစ်ယောက်ကို သဘောကျနေတော့ အဲဒီစာရေးဆရာတောင်မှ ဒီစီးပွားရေးလုပ်ငန်းကို ထောက်ခံတယ် စသဖြင့် အဲဒီလိုပုံစံမျိုးနဲ့ စိတ်ဝင်စား ပြီးတော့ ဆွဲဆောင်ခံ ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆို အချိန်အတိုင်းအတာတစ်ခုအထိ ကြာကြာလေး နစ်ဝင်သွားခဲ့ သေးတယ်။ အဲဒီတော့ ပြောချင်တာကတော့ဗျာ ကိုယ်နဲ့တွေ့လိုက်တဲ့ ကိုယ်စားလှယ်အပေါ်မှာတော့ မူတည်တယ်။ သေချာလေ့လာထားလေ သေချာစနစ်တကျဆွဲဆောင်နိုင်လေပဲ။ သာမန်ရိုးကျ ထက်ပိုပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် အချိန်တစ်ခု ဖြတ်သန်းပြီးတဲ့ သူတွေကတော့ ပိုပြီးပါးပါးနပ်နပ် ဆွဲဆောင်နိုင်ကြတယ်။ သာမန်မက်လုံး ပေးတဲ့ဟာမျိုး ငွေကြေးမက်လုံးပေးတာ သက်သက် မဟုတ်ဘဲနဲ့ ဒီလူတကယ်လိုအပ်နေတာဘာလဲဆိုတာ သိအောင်လုပ်ပြီး အဲဒါကို ပေးနိုင်ပါတယ်ဆိုပြီး မြူဆွယ်တဲ့ ပုံစံမျိုးလည်း လုပ်ဆောင်ကြတာရှိတယ်။
DW ။ အွန်လိုင်းမှာ မဟုတ်ဘဲ မြေပြင်မှာဖြစ်နေတဲ့ Trading အခြေခံ လိမ်လည်မှုတွေကရော ဘာကိုအခြေခံလဲ။ ဘယ်သူတွေကို ဦးတည်နေလဲ။ အလိမ်မခံရအောင် ဘယ်လို သံသယထားသင့်လဲ။
KZZL ။ အွန်လိုင်းမှာလည်း Lifestyle marketing ကို လုပ်ကြပါတယ်။ ဘယ်လိုလည်တယ်၊ ပတ်တယ် အဲဒီလိုမျိုးပေါ့နော်။ ပြီးရင်ထားပါတော့ ရွှေစျေးက ဘာဖြစ်နေပြီ၊ ဒေါ်လာစျေးက ဘာဖြစ်နေပြီ အဲဒီအပေါ်မှာမူတည်ပြီး ဘယ်လိုဆုံးဖြတ်ချက် ချလိုက်လို့ ဘယ်လိုငွေကြေးတွေရသွားတာ၊ ဘာညာ ဒါမျိုးတွေနဲ့ အွန်လိုင်းမှာလည်း ပြယုဂ်တစ်ခုတော့ထားလေ့ ရှိကြတယ်။ အဲဒီမှာမှ အခုနကလို အပြင်(မြေပြင်) မှာဆိုတာကတော့ဗျာ များသောအားဖြင့် ကျွန်တော်မြင်တာက အွန်လိုင်းကနေ အဓိက ဖောက်လိုက်တယ်။ ပြီးတော့အပြင်မှာမှ ဒီလူနဲ့သိတဲ့လူ နောက်လူတွေက ပါလာတာမျိုးပေါ့။ ဥပမာထားပါတော့ အွန်လိုင်းမှာ A ဆိုတဲ့လူက ဒီအလုပ်ကိုလုပ်တယ်။ ဒီလုပ်ငန်းကို တွေ့လိုက်တယ်။ စိတ်ဝင်စားတယ် ရင်နှီးမြှုပ်နှံမှု လုပ်လိုက်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ စိတ်ဝင်စားတဲ့မိတ်ဆွေတွေ ရှိသေးလား ရှိရင်ပြောပေါ့၊ ရှင်းပြပေးမယ်။ အဲဒီတော့ ထားပါတော့ ရာခိုင်နှုန်းဘယ်လောက်ရမယ်၊ ဒီဘက်ကလည်း ရင်းနှီးမြှုပ်နှံသူတိုးမယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့လည်း ထပ်ပြီးတော့ လူတွေ ထပ်ထပ်တိုးလာအောင်လို့ ဆွဲဆောင်တာမျိုးတွေရှိတယ်။ သူတို့အခေါ်ကတော့ leader (ခေါင်းဆောင်) မွေးတယ်လို့ ခေါ်ရင်ခေါ်မှာပေါ့။ အဓိက ကတော့ ရင်နှီးမြှုပ်နှံမှုလုပ်လိုက်တာ အဆင်ပြေတယ်။ အဲဒီလိုပဲ ကျန်တဲ့သူတွေလည်း အသိမိတ်ဆွေတွေထဲမှာ အဆင်ပြေချင်တဲ့သူရှိရင် ခေါ်လာခဲ့၊ ရှင်းပြမယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့သွားတာ။ ဒါက MLM မှာလည်း အဲဒီလိုသွားခဲ့တဲ့ဟာတွေရှိတယ်။ အခုနောက်ပိုင်းကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာလည်း အဲဒီလိုမျိုး သွားလာတာတွေ ရှိတယ်လို့ ကြားရတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော့်အမြင်ကတော့ နှုတ်စကားနဲ့ဆင့်ပွားပြီးတော့ စျေးကွက်ဖောက်သွား တာမျိုးပေါ့။ အဲဒီလိုပုံစံတွေများတယ်လို့ထင်တယ်။ တချို့နယ်ဘက် တွေမှာတော့ နည်းနည်း ပိုကြမ်း တဲ့ ဟာတွေ ရှိတယ်။ အဲဒီနယ်တစ်ခုမှာ သြဇာရှိတဲ့သူ စီးပွားရေးသမားပဲ ဖြစ်ဖြစ်၊ ဘာသာရေးခေါင်းဆောင်ပဲ ဖြစ်ဖြစ် အဲဒီလိုလူတွေကို ရအောင်အရင် စည်းရုံးလိုက်တာပေါ့နော်။ အဲဒီလို စည်းရုံးလိုက်ပြီး အဲဒီလူတွေလုပ်တဲ့နောက်မှာ နောက်က ပရိသတ်တွေ၊ မိတ်ဆွေတွေက အလွယ်တကူ ပါလာတာ မျိုးပေါ့နော်။ အဲဒီလိုမျိုးနဲ့ နယ်တစ်နယ်မှာ များများ ရသွားအောင်လို့ လုပ်ပြီး ဖောက်ကြတာမျိုး၊ စျေးကွက်ဖောက်ကြတာမျိုး၊ ဒါမျိုးတွေ ရှိတတ်ပေါ့နော် ။
DW ။ အဲဒီလို အွန်လိုင်းလိမ်လည်မှု၊ ဆင့်ပွားလိမ်လည်မှုတွေက ဘယ်ပလက်ဖောင်းတွေက အများစုလာလဲ။ ဘယ်သူတွေကို ဦးတည်နေလဲ ။
KZZL ။ ဘယ်သူတွေကို ဦးတည်နေလဲဆိုတာက လောဘကြီးတဲ့သူ၊ လေ့လာအား ဟိုမရောက်ဒီမရောက် ဖြစ်တဲ့သူပေါ့နော်။ ဆိုလိုတာက လုံးဝမသိရင်လည်း သေချာတယ် လုပ်ဖြစ်မှာမဟုတ်ဘူး။ နည်းနည်းလောက်သိပြီး ပြည့်စုံလုံလောက်အောင် မသိတဲ့သူတွေပဲ လုပ်ဖြစ်ကြတာများပါတယ်။ ဥပမာ Big Coin ဆိုရင် လုံးဝမသိတဲ့သူ၊ မကြားဖူးတဲ့သူကတော့ Big Coin ကို အကြောင်းပြပြီး လိမ်တယ်ဆိုရင် ဘယ်စိတ်ဝင်စားမလဲ။ Big Coin တောင်မကြားဖူးတာ။ အဲဒီလိုမဟုတ်ဘဲ Big Coin အကြောင်း နည်းနည်းတော်ကြားဖူးတယ်၊ Big Coin ကြောင့် ပိုက်ဆံရတဲ့သူတွေ ရှိတာလည်းကြားဖူတယ်။ တကယ့် တကယ်တမ်း Big Coin အကြောင်းက သေချာလည်းနားမလည်ဘူး။ အဲဒီလိုလူမျိုးက ပိုပြီးတော့ စည်းရုံးဆွဲဆောင်လို့ လွယ်မယ်။ စိတ်ဝင်စားမယ်လို့ ကျွန်တော်က ပိုထင်တယ်။ နည်းနည်းလေးသိတာက ပိုပြီးအန္တရာယ်များတယ်။ ကျွန်တော့် အမြင်ကတော့ လုံးဝမသိတဲ့သူတွေကို ဆွဲဆောင်တဲ့ပုံစံကတစ်မျိုး၊ နည်းနည်းသိတဲ့သူတွေကို ဆွဲဆောင်တဲ့ ပုံစံကတစ်မျိုး၊ မျိုးစုံနဲ့တော့ လုပ်နေကြတာပဲ။ အဓိက ကတော့ လောဘကြီးတဲ့လူ၊ ငွေကို အလွယ်လိုချင်တဲ့သူ၊ အချိန်တိုတိုနဲ့ လိုချင်တဲ့သူ၊ ပြီးရင်တခြား သေချာခိုင်ခိုင်မာမာ အသက်မွေးဝမ်းကျောင်းသော်လည်းကောင်း၊ ငွေကြေးလည်ပတ်နေတဲ့ လုပ်ငန်း သော်လည်းကောင်း မရှိတဲ့သူပေါ့နော်။ အဲဒီလိုလူတွေကို ဦးစားပေးဆွဲဆောင်တာ များတယ်လို့ ထင်တယ်။ ဒါပေမဲ့ ရှားရှားပါးပါး အတိုင်းအတာတစ်ခုအထိ အဆင်ပြေနေပြီးသားလူတွေကိုမှ ပိုနေတဲ့ငွေကို ဘာမှ လုပ်စရာ မရှိလို့ဆိုပြီး ဒီထဲ ထည့်ထားလိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆွဲဆောင်တာတွေလည်းရှိပါတယ်။ မျိုးစုံပေါ့။
DW ။ အဲဒီလိမ်လည်မှု၊ အထူးအားဖြင့် အွန်လိုင်းလိမ်လည်မှုတွေကို လိမ်လည်မခံရအောင် ဘာတွေကို သတိထားရမလဲ။ ဘယ်လိုတွေ ပြင်ဆင်ထားရမလဲ ။
KZZL ။ အဓိကတော့ အလုပ်တစ်ခုခု၊ လုပ်ငန်းတစ်ခုခုက ကိုယ့်ကို မက်လုံးတအားပေးနေရင် သတိထားဖို့ပါပဲ။ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ နယ်ပယ်ကို ကိုယ်တိုင်သိအောင် အရင်လေ့လာရမယ်။ ဥပမာ Forex Trading တို့ ဘာတို့ဆိုလည်း Forex Trading လုပ်တိုင်းကလည်း လိမ်တာလို့ ပြောလို့မရဘူး။ နိုင်ငံတကာမှာလည်း လုပ်နေကြတာပဲ။ အဲဒီတော့ ကျင့်ဝတ်အရ ကိုယ်နိုင်သူရှုံး လုပ်ငန်းမျိုးဖြစ်နေတဲ့အတွက် မလုပ်ဘူးလို့ စဥ်းစားတာကတော့ တပိုင်းပေါ့။ ဒါပေမဲ့ ဥပဒေအရကတော့ ဒါက သေချာလည်ပတ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ လိမ်တယ်လို့ပြောလို့မရဘူး။ Forex Trading ပဲဖြစ်ဖြစ်၊ Gold Trade ပဲ ဖြစ်ဖြစ် ဒါမျိုးတွေက၊ ဒါပေမဲ့ အဲဒီဟာကို ဘန်းပြပြီး တကယ့်တကယ်တမ်းမှာ အဲဒါကိုတကယ်လုပ်မနေဘဲနဲ့၊ မဟုတ်လည်း ဟန်ပြလောက် ပါးပါးပဲလုပ်နေပြီးတော့ လူတွေထည့်ဝင်တဲ့ငွေအပေါ်မှာပဲ လှည့်ပြီးတော့ အခြားသူတွေကို ပြန်ပေး၊ နောက်လူသစ်တွေ ဝင်လာအောင်လုပ် သို့မဟုတ် ငွေထပ်ထည့်ဖြစ်အောင်လုပ်ပေါ့နော်။ အဲဒီလိုပုံစံမျိုးနဲ့ ဆွဲဆောင်တာ ကတော့ ပိုများတယ်။ ဘာလို့လဲဆိုတော့ လုံးဝမလုပ်ပြရင်လည်း လိမ်တာက ပေါ်မှာကိုး။ ပေါ်တာမြန်တယ်။ အဓိက သတိပေးချင်တာကတော့ လောဘအရမ်းမတက်မိဖို့။ ကိုယ်ရင်းနှီးမြှုပ်နှံမယ့်၊ ငွေထည့်မယ့် လုပ်ငန်းကို သေချာလေ့လာဖို့ ပေါ့နော်။ နောက်တစ်ခုက ကိုယ်တိုင် အများကြီးမလေ့လာနိုင်ရင်တောင်မှ အဲဒါတွေနဲ့ ပတ်သက်တဲ့ အွန်လိုင်းမှာဆို ဂရုတွေရှိတယ်။ အဲဒီ ဂရုတွေမှာ ဝင်မေးဖို့ပေါ့နော်။ ဥပမာ ထားပါတော့ဗျာ ဥပဒေရေးရာ ကိစ္စဆိုရင် ဥပဒေဂရုတွေရှိတယ်။ ဝင်မေးသင့်တယ်။ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ်၊ ပိုက်ဆံထည့်မယ်၊ အဲဒါကို ဥပဒေရေးရာအရ ခိုင်မာအောင် ဘာလုပ်ရင် ကောင်းမလဲ၊ အဲဒါကို ဥပဒေရေးရာ ဂရုတွေမှာဝင်မေးလိုက်လို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ ထားပါတော့ စီးပွားရေး လုပ်ငန်း တစ်ခုဆိုပြီးတော့ ကိုယ့်ကိုဆွယ်တယ်၊ အဲဒါဆို စီးပွားရေး ဂရုတွေရှိတာပဲ။ အဲဒီဂရုတွေမှာ ဒီလိုလုပ်ငန်းတစ်ခုက ကျွန်တော့် ကို လာမြူဆွယ်နေတယ်၊ လာပြောတယ်ပေါ့၊ ဒါမျိုးဝင်မေးလိုက်လို့ရတယ်။ Forex Trading, Gold Trading တို့ဆိုလည်း အဲဒါနဲ့ပတ်သက်တဲ့ ဂရုတွေရှိတယ်။ အဲဒီဂရုတွေထဲမှာ လူတစ်ယောက်ကတော့ Forex Trading နဲ့ ပတ်သက်ပြီး လစဥ် ဘယ်လောက်ရာခိုင်နှုန်းရမယ်ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာတွေ သတိထားသင့်လဲ၊ ဒါမျိုးဝင်မေးလိုက်လို့ ရတယ်။ မေးလိုက်ရင် အဲဒီမှာ လူကတော့အစုံပဲ၊ ထုံးစံအတိုင်း အစုံဖြေကြမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် တို့က စဥ်းစားချင့်ချိန်စရာ အများကြီးရသွားမယ်။ အဲဒါမျိုး ပြီးရင် တစ်ခုရှိတာက မမေးဘဲနဲ့တောင်မှ အဲဒီဂရုတွေထဲမှာ တင်ထား ပြီးသား ကိစ္စတွေပါရှာဖတ်လို့ရတယ်။ ကိုယ့်ကိုလာဆွယ်တဲ့သူရဲ့နာမည်၊ လုပ်ငန်းရဲ့နာမည်ကို ရှာလိုက်ပြီးတော့ အဲဒါတွေ အရှေ့မှာ ဘာတွေဖြစ်ခဲ့ဖူးလဲဆိုတာတွေလည်း သိနိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော့်အမြင်ကတော့ ကိုယ်မသိတဲ့ ဟာကို လူများများကို လိုက်မေး၊ လူတွေခွဲပြီးမေး၊ ဂရုတွေခွဲပြီး မေးပေါ့နော်။ ဒါမျိုးလုပ်ရင်တော့ လိမ်ခံနိုင်ရခြေကို အများကြီး လျှော့ချနိုင်တယ်လို့ ထင်တယ်။ တကယ်ကတော့ဗျာ တချို့လူတွေဆိုရင် အားမလို အားမရတောင်ဖြစ်ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပညာတတ်ရဲ့သားနဲ့ပေါ့နော်။ ဥပမာ ဥပဒေရေးရာကိစ္စ ငွေသိန်းရာချီပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စကို ရှေ့နေတစ်ယောက်ယောက်နဲ့တောင် မတိုင်ပင်ဘဲ ထည့်တာမျိုးက တော်တော်လေး ခက်တယ်ပေါ့နော်။ တကယ့် တကယ်တမ်း ရှေ့နေတစ်ယောက်နဲ့ သေချာတိုင်ပင်လိုက်ရင်တောင်မှ စီးပွားရေး အကြောင်း နားလည်တဲ့ ရှေ့နေနဲ့ တိုင်ပင်လိုက်ရင် သေချာတယ် ဒီလုပ်ငန်းတွေသည် မြန်မာနိုင်ငံမှာ တစ်ရာ ရာခိုင်နှုန်းလောက် တရားမဝင်သေးဘူး။ အဲဒီအတွက် စာချုပ်စာတမ်းတွေကလည်း များသောအားဖြင့် တရားမဝင်တဲ့ပုံစံမျိုး ဖြစ်နေတာများတယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်ဘူးဆိုတဲ့ အိုင်ဒီယာမျိုး စောစောစီးစီး ထွက်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ထွက်မလာရင်လည်း ထားပါတော့၊ များသောအားဖြင့် အဲဒီလုပ်ငန်းတွေက စာချုပ်စာတမ်းတွေကို ဟန်ပြချုပ်တာများပါတယ်။ လူတွေကတော့ ဘာထင်သွားလဲဆိုတော့ စာချုပ်၊ စာတမ်းနဲ့လုပ်တာပဲ၊ စစ်မှန်တယ်ဆိုတဲ့ပုံစံမျိုးတွေ ထင်သွားတတ်ကြတယ်။ အဲဒီအတွက် ကျွန်တော့်အကြံပေးချင်တာကတော့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်တာဖြစ်တယ်၊ စီးပွားရေးနဲ့ ပတ်သက်တာဖြစ်တယ် ဆိုပြီး အဲဒါနဲ့ ပတ်သက်တာကိုလည်းမေး၊ စာရွက်စာတမ်းကိစ္စ၊ ဥပဒေကိစ္စတွေဆိုလို့ရှိရင် ဥပဒေနဲ့ ပတ်သက်တဲ့ဂရုတွေမှာ မေးပေါ့နော်။ နောက်ဆုံးပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က သိန်းတစ်ရာလောက်ထည့်မယ်ဆိုလို့ရှိရင် ရှေ့နေခ လေးငါးသိန်း ပေးဖို့တော့ နှမြောမနေနဲ့ပေါ့။ တိုင်ပင်ခတွေ၊ အကြံပေးခတွေနဲ့ မေးရင်မေး၊ မေးပြီးမှ ခိုင်မာအောင် လုပ်ပြီး တော့မှ ထည့်ပေါ့နော်။ ဒါနောက်ဆုံး စကားမြင်သာအောင်ပြောတာပေါ့။ တချို့ကျတော့ သူများတွေထက် အများကြီး ထည့်ပြီးတောင်မှ မတိုင်ပင်တာမျိုးတွေရှိတယ်။ ရှေ့နေတွေကို ပြောရမယ်ဆိုရင်တော့ ရှေ့နေတွေ ပိုက်ဆံ ရအောင် ကူပြော ပေးတာတော့မဟုတ်ဘူး။ ဒါပေမဲ့ တကယ်သာ ငွေကိုရင်းနှီးမြှုပ်နှံမယ်၊ စီးပွားရေးသမား ဆန်ဆန် စဥ်းစားမယ် ဆိုရင်တော့ အခုနကလိုဟာမျိုးတွေ စဥ်းစားရမယ်ပေါ့။ အကြံပေးချင်တာပါ။ ဒါပေမဲ့ သာမန်အားဖြင့် အခမဲ့ရတဲ့အကြံဉာဏ်နဲ့ လုံလောက် တယ်ဆိုရင်တော့ ပိုက်ဆံပေးပြီးတော့ အကြံဉာဏ်တောင်းစရာတော့ မလိုဘူးပေါ့နော်။ အဓိက သတိပေးချင် တာ ကတော့ လောဘမကြီးနဲ့၊ အလျင်စလို မဆုံးဖြတ်နဲ့၊ ကိုယ့်ဟာကိုယ် တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် များများ စားစားလေ့လာ ပြီးရင် လူစုံတတ်နိုင်သလောက် မေးမြန်းပေါ့နော်။ ဒါမျိုးလေးတွေ လုပ်မယ်ဆိုရင်တော့ အဆင်ပြေလောက်မယ် ထင်တယ်။ အလိမ်ခံရနိုင်ခြေနည်းတယ်။
DW ။ လိမ်လည်မှု တွေနဲ့ ပတ်သက်ပြီး ထပ်မံ ဖြည့်စွက်ပြောကြားသတိပေးလိုတာတွေ ဖြည့်ပြောပေးပါဗျ ။
KZZL ။ ကျန်တာကတော့ နိုင်ငံရေးနဲ့ဆိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုဒီအချိန်မှာ စစ်ကောင်စီက အုပ်ချုပ် နေတယ်ဆိုတော့ သူတို့ပါးစပ်ထဲမှာပဲရှိတဲ့ ဥပဒေတွေနဲ့ သူတို့အာရုံကျတဲ့ဟာလောက်ပဲ အရေးယူမှာဆိုတော့ အများကြီး တော့ သိပ်ပြောမနေချင်ဘူး။ တကယ့်တကယ်တမ်းမှာတော့ ဥပဒေခိုင်မာနေတယ်ဆိုရင်တော့ ဒီလိုဟာတွေက အွန်လိုင်း ပေါ်မှာတင် လူခေါ်နေတာ။ အဲဒီတော့အစောကြီးကတည်းက အဲဒီလူခေါ်ပိုစ့်လေးကို အွန်လိုင်းရဲတွေဘာတွေရှိရင် အဲဒါလေး သွားပြလိုက်ပြီး တစ်ခါတည်းသွားဖမ်းခိုင်းလိုက်ရင်တောင်ရတယ်။ တကယ်သာ ဥပဒေခိုင်မာနေရင်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကြေညာနေတာမှာ ဥပဒေရေးရာအရ လွန်နေတဲ့စကားတွေ အများကြီးရှိနေတာကိုး။ အဲဒါတွေ နဲ့လည်း ဖမ်းတာ စစ်ဆေးတာတွေ လုပ်လိုက်လို့ရတယ်။ ထောင်ထဲ ချက်ချင်းထည့်လိုက်ရတဲ့ အဆင့်မျိုးမဟုတ်ရင်တောင်မှ အများကြီးအဟန့်အတား ဖြစ်သွားစေတဲ့ဟာတွေ အများကြီးရှိတယ်။ တကယ့်တကယ်တမ်းသာ ဥပဒေ အကျိုး သက်ရောက်မှု ကောင်းနေရင်ပေါ့နော်။ ဒါပေမဲ့အခုက သူတို့လက်အောက်မှာဆိုတော့ ဒါတွေကိုသူတို့က အာရုံလည်း အဲဒီလောက်စိုက်နေမှာ မဟုတ်ဘူး။ နောက်ခေတ်ကောင်းရင်တော့ လိမ်လည်ကြေညာတာတွေကအစ နိုင်ငံတကာမှာဆို တရားစွဲလို့ရတယ်။ နောက်အရေးကြီးတာတစ်ခုက ပြဿနာတစ်ခုဖြစ်တယ်၊ လိမ်သွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆီမှာ ကာယကံရှင်တွေကပဲ အများဆုံး တရားစွဲနေရတာများတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကာယကံရှင်တွေ အားလုံးကိုယ်စား ပြုပြီးတော့ အစိုးရဌာနတစ်ခုခုက တရားစွဲတာတို့ ဘာတို့ ဒီလိုမျိုးစနစ်တွေရှိဖို့လိုတယ်။ နိုင်ငံတကာမှာတော့ ဒါတွေရှိတယ်။ တချို့ဆို နိုင်ငံတကာမှာ စာသုံးသူရေးရာအဖွဲ့အစည်းမျိုး၊ ဒါမျိုးတွေရှိတယ်။ အဲဒီတော့ အဲဒီအဖွဲ့အစည်းတွေကနေ စုပြီးတော့ တရားစွဲတာမျိုး လုပ်ပေးလိုက်တာမျိုးရှိတယ်။ ဒါမျိုးတွေလုပ်ရင် ပိုပြီးတော့ ထိရောက်တာပေါ့။ အခုက များသောအားဖြင့် မြန်မာလူမျိုးဆိုတာက တစ်ခုခု ဖြစ်ပြီးရင်တောင်မှ အမှုအတမ်းဖြစ်မှာကြောက်လို့ တရားမစွဲရဲဘူး။ အဲဒါနဲ့ပဲ လိမ်တဲ့သူတွေက သုံးလေးနှစ်လောက်ပျောက်သွားပြီးရင် ပြန်ပေါ်လာတယ်။ နောက်ကွယ်ကနေ ထပ်လိမ် အဲဒီလို ပေါ့နော်။ အဲဒီလိုတွေ ဖြစ်ဖြစ်နေတယ်။ နောက်စနစ်ကောင်းလာရင်တော့ ဆက်လုပ်လို့ရနိုင်မယ့်ဟာတွေလို့ ကျွန်တော် ကတော့ မြင်တယ်။ အခုလောလောဆယ်ကတော့ ပြည်သူအချင်းချင်းသတိပေးတာ၊ အခုလို မီဒီယာကတဆင့် သတိပေးတာ မျိုးတွေနဲ့ပဲ ကျွန်တော်တို့က ဆက်သွားနေရတယ်ပေါ့။ မီဒီယာတွေမှာလည်းကျွန်တော်က အစကတည်းက အကြံပေး ဖြစ် တယ်။ ကိစ္စတစ်ခုခု ဟော့ဖြစ်မှ သတင်းထလုပ်တာမျိုး မဟုတ်ဘဲနဲ့ အဲဒီလိုအချိန်မှာလည်းလုပ်ပြီး နောက်တစ်ခုက လစဥ် သတိပေးတာမျိုး အဲဒါမျိုး လည်းလုပ်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဒီလုပ်ငန်းတွေ မှေးမှိန်ပပျောက် သွားစေချင်ရင်ပေါ့နော်။ မီဒီယာအချင်းချင်းလည်း ကွန်ရက်တွေဖွဲ့ပြီးတော့ အဲဒီလို တိုင်ပင်ကိုက်ပြီးတော့ ပြည်သူကို အသိပညာပေးတာမျိုးလုပ်သင့်တယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုရင်MLM လုပ်ငန်းတွေကို ဆန့်ကျင်ပညာပေးတုန်း ကဆိုရင် အရင် တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း၊ မီဒီယာ တစ်ခုချင်းစီက သတိပေးနေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ခဲ့တုန်းက နည်းနည်းလေးပိုရွေ့သွားတာက အဲဒီတုန်းက မီဒီယာအများကြီးက တပြိုင်တည်း တွန်းလိုက်တဲ့အချိန်တွေ ရှိခဲ့တယ်။ အဲဒီလိုတွန်းလိုက်တာတွေက အရွေ့ကို ကြီးသွားစေတယ်ပေါ့နော်။






