လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိသည့် ထားဝယ်တက္ကသိုလ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပညာသင်နှစ်များတွင် နှစ်စဥ် နေ့သင်တန်းလျှောက်ထားသူ လျော့ကျနေကြောင်း စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန၏ စာရင်းနှင့်တက္ကသိုလ် ပညာရေးအသိုင်းအဝိုင်းထံမှသိရသည် ။
ယခု ၂၀၂၅ – ၂၆ ပညာသင်နှစ် အတွက် ထားဝယ်တက္ကသိုလ်တွင် ဘာသာရပ် ၁၆ ခု၌ နေ့သင်တန်း ဝင်ခွင့်ရသူ ဦးရေ တစ်ရာသာရှိပြီး၊ ဝင်ခွင့်ရကျောင်းသားဦးရေ ဆယ်ဦးပြည့်မီသည့် ဘာသာရပ်သုံးခုသာရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဝင်ခွင့်ရ စာရင်းတွင်ဖော်ပြထားသည် ။
အာဏာသိမ်းပြီးနောက် ထားဝယ်တက္ကသိုလ်အား နေ့သင်တန်း ဝင်ခွင့်လျှောက်ထားသူ ဆက်တိုက်လျော့နည်းနေပြီး ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ၃၂၄ ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၁၆၂ ဦး ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၉၈ ဦး ၊ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် ၇၃ ဦး ဝင်ခွင့်ရခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းအရသိရသည် ။
ယင်းသို့ နေ့သင်တန်း ဝင်ခွင့်လျော့နည်းရသည်မှာ ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ရေးဂိတ်ကို နေ့စဥ်ဖြတ်သန်းကာ ကျောင်းလာမတက်လိုကြခြင်းကြောင့် ဖြစ်ကြောင်း တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်းက သုံးသပ်သည် ။
” အဓိက က Day (နေ့သင်တန်း) တက်ရင် ကမြောကင်း ဂိတ်ကို လေးလလောက်နေ့တိုင်းဖြတ်ပြီး တက်ရမယ်။ အဲဒီတော့ အချိန်နည်းနည်းပဲပေးရတဲ့ အဝေးသင်ပြောင်းတက်ကြသူတွေများတယ်။ Day လာတက်သူတွေလည်း အရင်ခေတ်ကလို ကျောင်းကို ဆိုင်ကယ်နဲ့လာသူနည်းတယ်။ မိဘကိုယ်တိုင်လိုက်ပို့သူတွေ၊ သုံးဘီနဲ့လာသူတွေ များတယ်။ ကျောင်းအဆောင်နေသူများလာတယ်” ဟု တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦး ကပြောပြသည်။
ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ကျောင်းသားများအပြင် တက္ကသိုလ်မှ ဆရာ၊ဆရာမများပင် အချိန်ကြာမြင့်စွာ စစ်ဆေးခံရမှုများကြုံရလေ့ရှိကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းက ဆိုသည်။
” ထားဝယ်တက္ကသိုလ် က Day မေဂျာတစ်ခုမှာဝင်ခွင့်ကျတော့ သွားရဝေးတာရော ၊ ဂိတ်ဖြတ်ရမှာကြောင့်ရော အိမ်က(အုပ်ထိန်းသူ)စိတ်မချဘူး ။ မြို့ထဲကျောင်းတစ်ခုကို ပြောင်းလိုက်ရတယ်” ဟု ကျောင်းပြောင်းခဲ့သည့် ကျောင်းသားတစ်ဦး ကပြောသည် ။
ကမြောကင်းတံတားစစ်ရေးဂိတ်သည် လောင်းလုံးမြို့နယ်ဘက်တွင်ရှိသည့် ထားဝယ်မြို့အဝင်အထွက် ဂိတ်တစ်ခုဖြစ်ပြီး စစ်မှုထမ်းဖမ်းဆီးစုဆောင်းမှု မကြာခဏပြုလုပ်လေ့ရှိသည့် ဂိတ်တစ်ခု လည်းဖြစ်သည်။
မြိတ်တက္ကသိုလ်တွင်မူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က ဘာသာရပ် ၁၅ ခုအတွက် ပထမနှစ်ဝင်ခွင့်ရသူ ၆၆၇ ဦးရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် ထက်ဝက်ကျော်လျော့နည်းကာ ဘာသာရပ် ၁၆ ခုအတွက် ဝင်ခွင့်ရသူ ၃၀၃ ဦးသာရှိခဲ့သည်။
ယခု ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၌ မြိတ်တက္ကသိုလ်တွင် နေ့သင်တန်းလျှောက်သူ ပြန်များလာပြီး ဝင်ခွင့်ရသူ ၅၇၄ ဦးရှိကြောင်း ပညာဝန်ကြီးဌာနစာရင်းအရသိရသည် ။







