BREAKING
December 3, 2025

ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာကို တရုတ်က ကုလသမဂ္ဂသို့ တိုင်ကြား

November 22, 2025

ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာကို တရုတ်က ကုလသမဂ္ဂသို့ နိုဝင်ဘာလ ၂၁ ရက်က တင်သွင်းတိုင်ကြားလိုက်သည်။

ထိုင်ဝမ်အရေးတွင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ခြိမ်းခြောက်နေသည်ဟု တရုတ်ဘက်က စွပ်စွဲကာ ယင်းသို့ တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်အရေး ဂျပန်နှင့် တင်းမာမှုပြဿနာတွင်တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း အပြင်းထန်ဆုံး စကားလုံးဖြင့် တရုတ်ဘက်က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ သောကြာနေ့က ပေးပို့ခဲ့သည့်စာတွင်တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်၏ ပြောဆိုမှုမှာ နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည့်အပြင် သံတမန်ရေးရာ စံနှုန်းများကို ချိုးဖောက်ရာ ရောက်ကြောင်းပါ ရေးသားထားသည်။

ထိုင်ဝမ်ရေလက်ကြားတွင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းရဲလျှင် ယင်းမှာ ကျူးကျော်တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်ဟု တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံတမန်က ရေးသားပေးပို့ခဲ့သည်။

“တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေအရ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ခိုင်မာပြတ်သားစွာ ကျင့်သုံးသွားမည်ဖြစ်ပြီး မိမိ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် အပြည့်အဝကို ခိုင်ခိုင်မာမာ ကာကွယ်သွားမည်” ရေးသားပေးပို့ခဲ့သည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်ထိုင်ဝမ်ကို တရုတ်က ၎င်းတို့ပိုင်နယ်မြေအဖြစ် ရှုမြင်ထားပြီးထိုင်ဝမ်ကို ထိန်းချုပ်ရန် စစ်ရေးနည်းလမ်း မသုံးပြုပါဟု ကတိမပြုထားပေ။