ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

November 22, 2025

ပုလောမြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တို့ နိုဝင်ဘာလ ၂၁ ရက်ညက မီးရှို့ခံရကြောင်း မြို့ခံများထံမှသိရသည် ။

မီးရှို့ခံရသည့်နေအိမ်မှာ စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ပုလောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် (နိုင်သူအကုန်ယူစနစ်) တွင် ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်၏ နေအိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“(မီးရှို့ခံရမှု) ဖြစ်သွားတာက ညအိပ်ချိန်ကြီးဖြစ်တာပါ။ ဘယ်သူမှ အသေးစိတ်တော့မသိဘူး။ ဒီမြို့မှာက အခြားမြို့နဲ့စာရင် ပွင့်လင်းမြင်သားမှုအားနည်းတယ်။ ဒီလိုကိစ္စတွေ ဖြစ်ရင် ဘယ်သူမှမေးလို့မရ ပြောလို့မရဘူး “ ဟု မြို့ခံတစ်ဦး ကပြောသည်။

နိုဝင်ဘာလ ၂၁ ရက်ညပိုင်းတွင် ပုလောမြို့အတွင်း ပစ်ခတ်သံအချို့လည်း ကြားရသေးကြောင်း မြို့ခံများကဆိုသည်။

စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ်များကမူ PDF များက မီးလာရှို့ကြောင်းနှင့် မီးရှို့ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းကို မီးရှို့ခံရ၍ ပျက်စီးသွားသည့် နေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး၏ ဓာတ်ပုံများနှင့်တကွ ဖော်ပြနေကြသည်။

သို့သော် ယင်းပြောဆိုချက်များကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုလောမြို့ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိသည့် ပြည်သူကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ရှိသူထံ ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရသေးပေ။

ယခု နိုဝင်ဘာလ ၈ ရက်ကလည်း လောင်းလုံးမြို့နယ် ၊ ကြံ့ခိုင်ရေး ပါတီရုံးကို တော်လှန်ရေးတပ်ဖွဲ့ တစ်ခုက မီးရှို့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။