ဂျပန်နိုင်ငံမှာ တရုတ်အပေါ် သဘောထားတင်းမာတဲ့ ဝန်ကြီးချုပ်သစ် ဆာနအဲ တာကအိချိ တက်လာပြီး မရှေးမနှောင်းဆိုသလိုပါပဲ။
လက်ရှိ အရှိန်မြင့်တက်နေတဲ့ တရုတ်နဲ့ ဂျပန် တင်းမာမှုပြဿနာကို ကမ္ဘာ့ပြည်သူတွေ မြင်လိုက်ရပါတယ်။
ဂျပန်ရဲ့ တောင်ဘက်က မဟာဗျူဟာမြောက်တည်နေရာမှာ ရှိနေတဲ့ ထိုင်ဝမ်ကျွန်းနဲ့ ဆက်စပ်လို့ ပေါ်ထွက်လာတဲ့ ပြဿနာဖြစ်ပါတယ်။
ပြဿနာက နိုဝင်ဘာလ ၇ ရက်နေ့က ဂျပန်လွှတ်တော်မှာ ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ ပြောခဲ့တဲ့ စကားကနေ စပါတယ်။
တရုတ်က ထိုင်ဝမ်ကို စစ်အင်အားသုံး တိုက်ခိုက်လာမယ်ဆိုရင် ဒါဟာ ဂျပန်ရဲ့ ရှင်သန်ရေးအတွက် အန္တရာယ်ရှိအခြေအနေ ဖြစ်တယ်၊ ဒီအခြေအနေမှာ ဂျပန်အနေနဲ့ စစ်ရေးအရ တုံ့ပြန်မှု လုပ်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေက တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ဆန့်ကျင်ကန့်ကွက်တာတွေ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်က သူ့နိုင်ငံသားတွေကို ဂျပန်ကို မသွားရောက်ဖို့ တိုက်တွန်းခဲ့သလို ဂျပန်ကလည်း တရုတ်မှာ သူ့နိုင်ငံသားတွေ သတိထားနေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်ပင်လယ်စာထုတ်ကုန်တွေအတွက် တရုတ်မှာ ဈေးကွက်မရှိဘူးလို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။
နာမည်ကြီးဂျပန်ရုပ်ရှင်ကားနှစ်ကားကိုလည်း တရုတ်မှာ ရုံတင်ပြသခွင့် ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီတင်းမာမှုဟာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံအကြားက သမိုင်းနဲ့ချီတဲ့ ခါးသီးမှုနဲ့လည်း ဆက်စပ်နေပါတယ်။
ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး သိမ်းပိုက်တာမျိုး မလုပ်ပါဘူးလို့ တရုတ်ဘက်က ကတိပြုထားတာ မရှိပါဘူး။
လက်ရှိဖြစ်နေတဲ့ တင်းမာမှုပြဿနာမှာ တရုတ်က ထိုင်ဝမ်ကိစ္စမှာ သူတို့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာကို ဂျပန်နဲ့ အခြားဒေသတွင်းနိုင်ငံတွေကိုပါ သတိပေးချင်ပုံ ရပါတယ်။
အချိန်နှစ်ပတ်လောက်အထိ ကြာလာခဲ့ပေမယ့် အရှိန်ပြယ်မယ့် လက္ခဏာမပြသေးတဲ့ ဒီတင်းမာမှုကနေ တရုတ်ရဲ့ နက်နက်ရှိုင်းရှိုင်း နောက်ထပ်စိုးရိမ်ချက်တစ်ခုကိုလည်း တွေ့ရပါတယ်။
တရုတ်ရဲ့ စစ်အင်အားကြီးထွားလာမှုကို ရင်ဆိုင်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ရေးအသုံးစရိတ် မြှင့်တင်လာတဲ့ချိန် အာရှဒေသတွင်း စစ်အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားမှာကို ပူပန်တဲ့ တရုတ်ရဲ့ စိုးရိမ်ချက်ပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အာရှဒေသတွင်း စစ်အင်အားချိန်ခွင်လျှာပြောင်းလဲနိုင်ခြေမှာ ဂျပန်လောက် တရုတ်ကို စိုးရိမ်ပူပန်စေနိုင်တဲ့ နိုင်ငံမရှိပါဘူး။
၂၀ ရာစုအတွင်းမှာ ဂျပန်စစ်တပ်ဟာ တရုတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး အင်မတန် ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
ဒါကို တရုတ်ပြည်သူတွေ ဒီကနေ့အထိ မမေ့သေးပါဘူး။
ဒီမတိုင်ခင် ဆယ်စုနှစ်များစွာတုန်းကလည်း ဂျပန်ဟာ ထိုင်ဝမ်ကျွန်းကို သူတို့လက်အောက်ခံကိုလိုနီဘဝ သွတ်သွင်းထားခဲ့ပါတယ်။
၂၀ ရာစုရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး စစ်ရာဇဝတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ”နန်ကျင်းလူသတ်ပွဲ”မှာ ဂျပန်စစ်သားတွေဟာ တရုတ်အရပ်သားပြည်သူ နှစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
တရုတ်အမျိုးသမီးနဲ့ မိန်းကလေးငယ် ထောင်ပေါင်းများစွာကို ဂျပန်စစ်သားတွေက အဓမ္မပြုကျင့်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက တရုတ်ပြည်မှာ ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်က တအုံနွေးနွေး ရှိနေခဲ့တာပါ။
သမ္မတရှီကျင့်ဖျင် လက်ထက်အရောက်မှာ သဘောထားတင်းမာတဲ့ တရုတ်အမျိုးသားရေးဝါဒီတွေရဲ့ အာဘော်နဲ့ ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်က ပိုကြီးထွားလာခဲ့ပါတယ်။
အရင်က ခံခဲ့ရဖူးသလိုမျိုး သမိုင်းတကျော့ ပြန်မလည်စေဖို့ ကာလရှည်ကြာ သန္နိဋ္ဌာန်ချထားခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်စစ်တပ်အင်အားကြီးထွားလာစေဖို့နဲ့ ကမ္ဘာ့ဇာတ်ခုံပေါ် တရုတ်ရဲ့ သြဇာတန်ခိုးထွားရေးကို အလျင်အမြန် လုပ်ဆောင်လာခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ပြောခဲ့တဲ့ စကားဟာ စူပါပါဝါအဆင့်ကို တက်လှမ်းလာတဲ့ တရုတ်နိုင်ငံရဲ့ အဆင့်အတန်းကို မခန့်လေးစား လုပ်တဲ့သဘောလို့ ဘေဂျင်းက ရှုမြင်ပါတယ်။
ပြီးတော့ တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို ခြိမ်းခြောက်နိုင်တဲ့ စစ်ဘက်ရည်မှန်းချက်တွေ ဂျပန်မှာ ရှိနေပြီဆိုတာ ပြလိုက်တာပဲလို့ ဘေဂျင်းရဲ့ မျက်လုံးထဲမှာ မြင်ပါတယ်။
ဆာနအဲ တာကအိချိရဲ့ အဲဒီစကားဟာ ”ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ကြားဝင်စွက်ဖက်မယ်လို့ ဂျပန်ခေါင်းဆောင်တစ်ယောက်က ပထမဆုံး ထုတ်ပြောလိုက်တာပဲ”လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာ People’s Daily က ဖော်ပြပါတယ်။
အရင်တုန်းက ဂျပန်ခေါင်းဆောင်တွေဟာ ထိုင်ဝမ်အရေးမှာ စစ်ရေးအရ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ လူသိရှင်ကြား ပြောဆိုဆွေးနွေးတာမျိုးကို ရှောင်ရှားခဲ့ကြပါတယ်။
ဒါပေမဲ့ လက်ရှိဂျပန်ဝန်ကြီးချုပ်ရဲ့ ပါတီထဲက လက်ယာယိမ်းသမားတွေဟာ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခဲ့ရင် ဂျပန်အပေါ် ဖြစ်လာနိုင်ခြေ အကျိုးဆက်တွေကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ဒါကပဲ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ဆန့်ကျင်ရေးဝါဒကို အခြေခံပြီး ရေးဆွဲထားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေပါတယ်။
တရုတ်အပေါ် သဘောထားတင်းမာတဲ့ ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ တက်လာချိန်မှာတော့ ထိုင်ဝမ်အရေးမှာ ဂျပန်က စစ်ရေးအရ တုံ့ပြန်နိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ထုတ်ပြောတဲ့အဆင့် ရောက်လာခဲ့ပါပြီ။
ဝန်ကြီးချုပ်ဖြစ်ကာစ အစောပိုင်းရက်တွေအတွင်းမှာပဲ ဆာနအဲ တာကအိချိဟာ အမေရိကန်နဲ့ ဂျပန်အကြား လုံခြုံရေးအရ ပိုနီးကပ်တဲ့ ဆက်ဆံရေးထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်ရဲ့ ကာကွယ်ရေးအင်အား တည်ဆောက်မှုကိုလည်း အရှိန်မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်စစ်တပ်နဲ့ ဆက်နွယ်တဲ့ ဆိုရှယ်မီဒီယာအကောင့်တစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် ဂျပန်ဘက်က ဒီလိုလုပ်ဆောင်မှုတွေဟာ ဂျပန်စစ်ဝါဒတစ္ဆေ ပြန်ခေါင်းထောင်လာပြီး ကမ္ဘာမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်လို့ ဘေဂျင်းဘက်က ရှုမြင်ပါတယ်။
ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ် – ဂျပန် တင်းမာမှုမှာ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲ တာကအိချိကို အစောပိုင်းကတည်းနဲ့ အနိုင်ပိုင်းထားနိုင်အောင် တရုတ်ဘက်က တမင်တိုက်ခိုက်နေတာလို့ ရှုမြင်ကြတာလည်း ရှိပါတယ်။
ဆာနအဲ တာကအိချိအနေနဲ့ ဂျပန်ရဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ရှေ့ဆက်တွန်းဖို့အရေး တွန့်ဆုတ်သွားအောင် တရုတ်ဘက်က ဒီလို လုပ်နေတာ ဖြစ်တယ်လို့ စင်္ကာပူအမျိုးသားတက္ကသိုလ်က တွဲဖက်ပါမောက္ခတစ်ယောက်က ပြောပါတယ်။
တရုတ်မှာ ”အမျိုးသားသွေးသစ်လောင်းရေး” ဆိုတဲ့ရည်မှန်းချက်တစ်ခု ရှိပါတယ်။
ဒါကို ၂၁ ရာစု အလယ်ပိုင်းမှာ အပြီးသတ်အကောင်အထည်ဖော်နိုင်ဖို့ တရုတ်က ပန်းတိုင်ချထားပါတယ်။
ထိုင်ဝမ်ကို တရုတ်က ထိန်းချုပ်ရေးဟာ ဒီရည်မှန်းချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ပိုမိုအင်အားကြီးထွားလာတဲ့ ဂျပန်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် တရုတ်ရဲ့ ဒီရည်မှန်းချက်က ပိုရှုပ်ထွေးသွားနိုင်ပါတယ်။
လက်ရှိတင်းမာမှုပြဿနာပြေလည်ဖို့အတွက် မကြာသေးခင်က ဂျပန်က တရုတ်ကို သံတမန် စေလွှတ်ခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ သူတို့ရဲ့ တင်းမာမှု လေသံကို ပြန်လျှော့ချမယ့် လက္ခဏာ မပြခဲ့ပါဘူး။
အခုအပတ် ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်စစ်တပ်ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “သိပ်လူပါးမဝနဲ့” ဆိုတဲ့ စာသားနဲ့ ဗီဒီယိုတစ်ပုဒ် တက်လာပါတယ်။
အဲဒီဗီဒီယိုထဲမှာ ဂျပန်ကို နာမည်တပ်ဖော်ပြထားတာတော့ မရှိပါဘူး။
ဒါပေမဲ့……..အဲဒီဗီဒီယိုထဲမှာ ပါတဲ့ သီချင်းစာသားတစ်ကြောင်းကတော့ လက်ရှိ တရုတ် – ဂျပန် တင်းမာမှုရဲ့ အတိမ်အနက်ကို ဖော်ပြနေသလိုပါပဲ။
“ဒီလို ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကနေ ငါတို့ရဲ့ စွမ်းရည်ကို သွေးထားပြီးပြီ။ ဘာကြောင့် မင်းတို့ကို ငါတို့က ဒီလောက် လူပါးဝခွင့်ပေးနေရမှာလဲ”
Ref: CNN ၊ BBC
ဈာန်ဟိန်း







