ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်လေယာဉ်ကွင်း စချဲ့၊ ထားဝယ်ကိုဗုံးကြဲရန် အသုံးပြုလာမည်ကိုစိုးရိမ်

November 22, 2025

Photo - Dawei Watch

ထားဝယ်လေယာဉ်ကွင်း အဆင်မြှင့်‌တင်ရေးလုပ်ငန်းများ ယခုနိုဝင်ဘာလထဲတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စက်တင်ဘာလ ၁၈ နေ့ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်လေဆိပ်အား ‌အဆင့်မြှင့်တင်ရန် ပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းသို့လုပ်ငန်းစတင်လာခြင်း ဖြစ်သည်။

ဒေသတွင်းသုံး( Domestic Airport) အဆင့်မှ နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း (Code 4D) အထိ အဆင့်မြှင့်ရန် စီမံကိန်း (Master Plan) ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

လတ်တလောတွင် ကွင်းဘေးသို့ ၂၅ ပေအကျယ်သို့ချဲ့ထွင်ရန် ကနဦးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။

“လေယာဉ်ကွင်းလည်းစချဲ့နေပြီ။ လေယာဉ်ဆီ‌တွေလည်း ကားတွေနဲ့ (ထားဝယ်မြို့) ကြက်စားပြင်ဆိပ်ကမ်းကနေ ကားတွေနဲ့ ညဘက်သယ်နေတာတွေရှိတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်လေယာဉ်ကွင်းသည် လက်ရှိတွင် ခရီးသည်တင် ATR 72 အမျိုးအစား လေယာဉ်ငယ်နှစ်စီးသာ ရပ်နားနိုင်သဖြင့် စစ်ဘက်လေယာဉ်များ ရပ်နားရန်အတွက် အခက်အခဲရှိနေကြောင်း၊ လေယာဉ်ကွင်းချဲ့ပြီးပါက စစ်ဘက်လေယာဉ်များ အဆင်းအတက် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ကွင်းမှ ပျံတက်လာမည့် စစ်ဘက်သုံးလေယာဉ်များသည် အနီးစပ်ဆုံး ထားဝယ်လေးမြို့နယ်သို့ အချိန်တိုတို မိနစ်ပိုင်းအတွင်း ပျံသန်းဗုံးကြဲခြင်းတို့ လုပ်ဆောင်နိုင်မည်ဟုလည်း လေ့လာသူများကဆိုသည်။

“ထားဝယ်လေယာဉ်ကွင်းကတော့ စိုးရိမ်စရာအခြေအနေပါပဲ။ အနီးဆုံးထိမှာက ထားဝယ်ခရိုင်က လေးမြို့နယ်ပဲ။ ကြိုပြီးရှောင်ဖို့ဆိုတာကလည်း လေးမြို့နယ်စလုံးက လေယာဥ်တက်ပြီဆိုတာနဲ့ မိနစ်ပိုင်းအတွင်းရောက်နေပြီ” ဟု ထားဝယ်‌ဒေသခံ လူငယ်တော်လှန်ရေးသမား လူငယ်တစ်ဦးက ပြော‌ဆိုသည်။

အဆင့်မြှင့်မည့် ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးရုံ၊ Air Cargo terminal ဟုခေါ်သည့် လေကြောင်းကုန်စည်ပို့ဆောင်ရေး အဆောက်အအုံကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ရန်အတွက် မြေနေရာ ဧကလေးရာကျော်( ၄၃၆ ဒဿမ ၈၅၃ ဧက) လျာထားကြောင်းသိရသည်။