BREAKING
November 22, 2025

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် ယူကရိန်းအတွက် ရွေးချယ်ရန် အခက်အခဲဖြစ်ကြောင်း ဇလန်းစကီးပြော

November 22, 2025

ရုရှား၏ အဓိက တောင်းဆိုချက်များကို ထောက်ခံထားသည့် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် ယူကရိန်း၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သမ္မတဇလန်းစကီးက နိုဝင်ဘာလ ၂၁ ရက်က ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး အစီအစဥ်ကြောင့် ယူကရိန်းအနေဖြင့် အမေရိကန်၏ ထောက်ခံအားပေးမှုကို ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအဆိုပြုသည့် အဆိုပါ ငြိမ်းချမ်းရေးအစီအစဥ်ကို ယူကရိန်းဘက်က တစ်ပတ်အတွင်း လက်ခံရန် တိုက်တွန်းထားသည်။

အဆိုပါအစီအစဉ်ကို ယူကရိန်းဘက်က လက်ခံရန် သင့်လျော်သော နောက်ဆုံးရက်သည် ကြာသပတေးနေ့ ဖြစ်သည်ဟု ၎င်းယုံကြည်ကြောင်း သမ္မတထရမ့်က Fox News ရေဒီယိုသို့ ပြောကြားခဲ့သည်။

ထရမ့်၏ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းဘက်က နယ်မြေများ စွန့်လွှတ်ရန်၊ ယူကရိန်းစစ်တပ်အပေါ် ကန့်သတ်ချက်များကို လက်ခံရန်၊ နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရန် ယူကရိန်း၏ ရည်မှန်းချက်ကို စွန့်လွှတ်ရန်တို့ ပါဝင်သည်။

ထရမ့်၏ အဆိုပြုချက်တွင် ရုရှားဘက်က ကန့်ကွက်နိုင်သည့် အဆိုပြုချက်အချို့လည်း ပါရှိကြောင်း၊ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အချို့နေရာများမှ ပြန်ဆုတ်ခွာပေးရန် တောင်းဆိုချက် ပါဝင်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အဆိုပါ ငြိမ်းချမ်းရေးအစီအစဥ်သည် လေးနှစ်နီးပါးကြာမြင့်နေပြီဖြစ်သော ပဋိပက္ခကို အပြီးသတ် ဖြေရှင်းရာတွင် အခြေခံတစ်ခု ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်း သမ္မတဇလန်းစကီးသည် အဆိုပါ ငြိမ်းချမ်းရေးအစီအစဥ်ပါ အချက်များသည် လက်နက်ချစေခြင်းအဖြစ် ယူဆကာ ယခင်က ငြင်းဆန်ခဲ့သော်လည်း ယခုမူ လက်ခံလိုက်ပြီ ဖြစ်သည်။

၎င်းက ယူကရိန်းပြည်သူများအား စည်းလုံးညီညွတ်ရန် တောင်းဆိုခဲ့ပြီး ယူကရိန်းကို မည်သောအခါမျှ သစ္စာ မဖောက်ကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ သမိုင်းမှာ အခက်ခဲဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါ” ဟု ၎င်းက နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“အခုဆိုရင် ယူကရိန်းဟာ အင်မတန် ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ (နိုင်ငံရဲ့) ဂုဏ်သိက္ခာကို ဆုံးရှုံးမယ်။ ဒါမှမဟုတ် အဓိက မိတ်ဖက်တစ်ဦးကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းပြည်သူများ၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှု စသည့်အချက်နှစ်ချက်ကိုမူ မလစ်ဟင်းစေရန် စက္ကန့်မလပ် ကြိုးပမ်းနေကြောင်းလည်း သမ္မတဇလန်းစကီးက ထပ်လောင်းပြောဆိုသည်။

Source: Reuters