BREAKING
October 22, 2025

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာကို တစ်ရက်အတွင်း လေကြောင်းဖြင့်နှစ်ကြိမ်ဗုံးကြဲ

October 22, 2025

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာနှင့်အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က တစ်ရက်အတွင်း လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၂ရက် နံနက် ၁၁နာရီ၄၅မိနစ်ဝန်းကျင်တွင် သိန်ခွန်းရွာအနီး တိုက်ပွဲဖြစ်နေသည့်ဧရိယာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို မွန်းလွဲ ၁နာရီခွဲခန့်တွင်လည်း ထပ်မံဗုံးကြဲ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လေကြောင်းက နေ့တိုင်းနီးပါး လိုလိုလာနေတယ်။ တစ်ရက်လည်း မနားရသေးဘူး။ တိုက်ပွဲလည်း ပြင်းထန်နေတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ‌‌ပြောသည်။

အောက်တိုဘာ ၂၁ရက်ကလည်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဓာတုဗုံး ကြဲချတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်အချို့ မူး‌ဝေမှု ခံစားရကြောင်း‌ တော်လှန်ရေးတပ်ဖွဲ့ အခြားတစ်ဦးက ပြောဆိုသည်။

ဓာတုဗုံးဖြင့် ကြဲချတိုက်ခိုက်သည်ဆိုသည့်ပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

“(အောက်တိုဘာလ ၂၁ ရက်မှာ) ဒရုန်းနဲ့ ဗုံးကြဲချပြီးနောက် လေကြောင်းက တစ်ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို သွားရာလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးနေသည်မှာ ၁၀ လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာအနီးတွင်ပင် ရပ်တန့်နေသည်။

ထိုသို့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများဆက်တိုက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ် လုပ်ဆောင်နေသည်။