စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီးနောက် မြိတ်-ထားဝယ် ကားလမ်း အသွားအပြန် နှစ်ဖက်စလုံးကို ပိတ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်က မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ ဆင်ကူးရွာ၊ ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်းကျေးရွာတို့ကို စစ်ကြောင်းထိုးလာသဖြင့် အောက်တိုဘာလ ၂၁ ရက်တွင် တော်လှန်ရေးအင်အားစုများက လမ်းပိတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင်တွင် မြိတ်-ထားဝယ်ကားလမ်း အသွားအပြန် (အတက် အဆင်း) နှစ်ဖက်စလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆေးရေးဂိတ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တို့က လမ်းပိတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် မြိတ်-ထားဝယ် အတက်အဆင်းကားများ သွားလာခွင့်ရခဲ့သော်လည်း မွန်းလွဲပိုင်းတွင် သွားလာခွင့် မရတော့ကြောင်း ဒေသခံအချို့က ဆိုသည်။
မြိတ်မြို့ဘက်က လာလျှင် ပလောက်အထိသာ သွားလာ၍ ရပြီး ထားဝယ်ဘက်မှ လာလျှင် သရက်ချောင်းမြို့နယ် ဘုတ်တောင်အထိသာ သွားလာခွင့်ရကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။
“မြိတ်ဘက်က လာတဲ့ကားတွေတော့ ပုလော၊ ပလောက်အထိပဲ ရတယ်။ ဒီနေ့ကစပြီး လမ်းစပိတ်တယ်” ဟု ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကားလမ်းပိတ်ထားမည်ဟု PDF ဂိတ်တစ်ခုက ကားသမားများကို ပြောဆိုအသိပေးခဲ့ကြောင်း သရက်ချောင်းမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
လမ်းပိတ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ PDF တပ်ရင်းနှစ်ခုက တာဝန်ရှိသူတို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်း သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသလို ပလမြို့နှင့် မင်းပြင်ရွာဘက်ကိုလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ်မှ ပလောက်၊ ပုလောအထိ မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်း လမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၁ ရက်တွင် ပလမြို့နှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် သင်္ကန်းတောရွာနှင့် တန်းရှင်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်ကလည်း တန်းရှင်းရွာကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။