BREAKING
October 22, 2025

လောင်းလုံး ကရင်ကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး‌နောက် စစ်ရှောင်ဆယ်နှင့်ချီ ဖမ်းဆီးခံထားရ

October 22, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးရှောင်ဒေသခံ ဆယ်နှင့်ချီကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတို့ထံမှသိရသည်။

အင်အား တစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် သဘော့ဆိပ်ပြင်ကြီး ကျေးရွာဘက်မှ ကရင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ စစ်ကြောင်းထိုးလာချိန် ကရင်ကြီးကျေးရွာအနီးတွင် တော်လှန်ရေးတပ်တို့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီခန့်ကြာ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာရှိ လူနေအိမ်များတွင် ညအိပ်တပ်စွဲပြီး ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ကရင်ကြီးကျေးရွာမှာ ကမ်းပနီကျေးရွာဘက်သို့ တောင်ကြောအတိုင်း စစ်ကြောင်းထိုးလာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယင်းသို့ စစ်ကြောင်းထိုးလာချိန် လမ်းခရီးတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ဒေသခံ ၅၀ ဝန်းကျင်ကို ဖမ်းဆီး သွားကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်အရေအတွက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

“ကမ်းပနီကနေ သဗျာတောင်ဘက် လာဖို့ဆိုပြီး လမ်းမှာ ရောက်နေတဲ့ ဒေသခံတွေ စစ်ကြောင်းနဲ့တွေ့ပြီး ဒီမနက် အဖမ်းခံလိုက်ရတယ်။ ပြင်ကြီး၊ ကရင်ကြီးက ဒေသခံ ကလေး၊ လူကြီး၊ အရွယ်စုံ၊ အမျိုးသမီးတွေလည်းပါတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာမှ ယနေ့နံနက်တွင် ထွက်ခွာလာပြီးနောက် ကမ်းပနီးကျေးရွာ အနီးအနားဝန်းကျင်သို့ အရောက်တွင် မတွေ့ရတော့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့ ညနေပိုင်းတွင်မူ ကမ်းပနီးကျေးရွာနှင့် ပညစ်ကျေးရွာကြားရှိ အနောက်ဘက်ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကံပေါက်ဒေသ မောရဝတီရေတပ်မှ စစ်သင်္ဘောဖြင့် ရေဖြူနှင့် လောင်းလုံးမြို့နယ်ရှိ ကမ်းရိုးတန်းကျေးရွာများကို အောက်တိုဘာလ ဒုတိယပတ်ကစ၍ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းမှစ၍ ကျောက်ဆင်ကျေးရွာသို့ စတင်ဝင်ရောက်လာပြီး ကုန်းကြောင်းအတိုင်း စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ပညစ်ကျေးရွာနှင့် ကျောက်ဆင် ငါးရွာအုပ်စုဖြစ်သည့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ ကျေးရွာတို့က ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။