BREAKING
October 22, 2025

ထားဝယ်မြို့ပေါ်တွင် ကလေးများကို တောင်းရမ်းခိုင်းစေမှု ပိုများလာဟု မြို့ခံများဆို

October 22, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ်တွင် ကလေးများကို တောင်းရမ်းခိုင်းခြင်း၊ ဖိအားပေး ငွေရှာခိုင်းခြင်းများ ယခုနှစ်တွင် ပိုမိုများပြားစွာ တွေ့ရှိလာရကြောင်း မြိုခံအချို့က ပြောဆိုသည်။

အစုအဖွဲ့ နှင့် လက်ဖက်ရည်ဆိုင်၊ စျေးနှင့် လမ်းဆုံလမ်းခွများတွင် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များကို ယခင်နှစ်များထက် ပိုမိုတွေ့ရှိရသည်ဟု မြိုခံအမျိုးသား တစ်ဦးကပြောသည်။

တောင်းရမ်းစားသောက်သူအများစုမှာ အသက် ၆ နှစ်အရွယ်မှ ၁၄ နှစ်အရွယ်အထိရှိကြသည့် မိန်းကလေး ယောကျ်ားလေးများဖြစ်ကြကြောင်း အထက်ပါအမျိုးသားကပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၁) နံနက်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦး ဆိုင်ထဲသို့ဝင်ရောက်လာပြီး တောင်းရမ်းနေသည်ကို တွေ့ရှိရ၍ မြိုခံအမျိုးသားတစ်ဦးက ထိုကလေးကို ခေါ်ယူ မေးမြန်းခဲ့ရာတွင် ၎င်းမှာလောင်းလုံးမြို့နယ် ပန်းတင်အင်ကျေးရွာမှဖြစ်ပြီး အဖွားတော်စပ်သူ၏ ခြိမ်းခြောက်ခိုင်းစေချက်အရ နေတိုင်းတောင်းရမ်း ပေးနေရကြောင်း အဆိုပါကလေး၏ ပြောကြားချက်ကို မြို့ခံအမျိုးသားက ပြန်ပြောသည်။

“ပိုက်ဆံမရရင် — ကိုခေါ်ပြီးပစ်သတ်ခိုင်းမယ်လို့ သူ့အဖွားကပြောပြီး တောင်းခိုင်းတယ်ဆိုပြီး ကလေးကပြန်ပြောပြတယ်”ဟု ကလေး၏ပြောကြားချက်ကိုကိုးကား၍ ယင်းအမျိုးသားကပြောသည်။

ထားဝယ်မြို့ပတ်လမ်းနှင့် ဘုရားကြီးလမ်းထောင့်တွင် ယခင်ကကန်စွန်းရွက်သည် ကလေးနှစ်ဦးခန့်သာရှိရာ ယခုနှစ်တွင်မူ အနည်းဆုံး ၄ ဦးအထိတွေ့ရှိလာရပြီး ၎င်းကလေးငယ်များမှာ အသက်ခုနှစ်နှစ်မှ ဆယ်နှစ်အောက်ကလေးများဖြစ်သည်ဟု မြို့ခံတို့ကပြောသည်။

ထိုကလေးများကို ည ၈ နာရီ ခန့်တွင် သုံးဘီးမော်တော် ဆိုင်ကယ်တစ်စီးဖြင့် လင်မယားနှစ်ဦးက လာရောက်ခေါ် ဆောင်ပြီး ထားဝယ်မြို့ပိန္နဲတောရပ်ကွက်၊ နတ်ကြီးလေးပါးလမ်းရှိ ပင်လုံ နှင်းဆီဝန်ထမ်းအိမ်ရာ ဝန်းကျင်သို့ ခေါ်ဆောင်သွားလေ့ရှိသည်ဟု ၎င်းကလေးများကို လိုက်လံစောင့်ကြည်ခဲ့ဖူးသည့် မြို့ခံအချို့ကပြောသည်။

“အမှန်တကယ်က ဒီအရွယ်ကလေးတွေက စာသင်နေရမှာ အခုက မဟုတ်ဘူး။ လူကြီးတွေက သူတို့လုပ်အားကို အသုံးချပြီးခိုင်းစားထားတာ မိုးရွာလည်းသူတို့ ဒီအတိုင်း ထိုင်ရောင်းနေရတယ်။ နေပူလည်း ဒီအတိုင်းထိုင်ရောင်းနေတာ အမြဲတမ်းတွေ့တယ်။ လူတွေက သူတို့ကိုသနားပြီးဝယ်တယ်။ တစ်ဗန်းလုံးဝယ်လည်း သူတို့မှာမကုန်နိုင် ပြန်ပြန်လာဖြည့်ပေးကြတယ်။ အခုဆိုတစ်ချို့ ရက်တွေ ညခုနှစ်နာရီလောက်အထိ ရောင်းနေတာတွေ့ရတယ်။ ည ၈ နာရီလောက်ဆို သုံးဘီးနဲ့ လာတင်သွားတယ်၊ ဒါက သက်သက်မဲ့ ကလေးတွေကို ခိုင်းစားတာ” ဟု ယင်းကလေးငယ်များကို နောက်ယောင်ခံလိုက်လံ စောင့်ကြည့်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးကပြောသည်။

ယင်းအပြင်ထားဝယ်မြို့ပေါ်၌ ယခု နှစ်အတွင်း တောင်းရမ်းစားသောက်သည့် ကလေးများ အပြင် အုပ်စုဖွဲ့ ၍စျေးများနှင့် ပန်းခြံများတွင် နေထိုင်ပြီး ဆိုင်နှင့်စျေးခုံများကို လိုက်လံဖောက်ထွင်းလေ့ရှိသည့် ကလေးအစုအဖွဲ့များလည်းရှိသည်ဟု ထားဝယ်မြို့ ကမ်းနားစျေးတွင် စျေးရောင်းသည့် စျေးသည်အမျိုးသမီးတစ်ဦးထံမှ သိရသည်။

၎င်းတို့မှာ အဖွဲလိုက် စျေးများတွင် နေထိုင်ကျက်စားလေ့ရှိပြီး ညဖက်စျေးဝင်းအတွင်းသို့ ဝင်ရောက်ပြီး စျေးခုန်များကို ဖောက်ထွင်းကာ စားသောက်ကုန်ပစ္စည်းများကို ခိုးယူ၍ အခြားနေရာများတွင် တစ်ဆင့်ပြန်လည် ရောင်းချနေကြောင်း ဖောက်ထွင်းခိုးယူခံခဲ့ရဖူးသည့် အထက်ပါအမျိုးသမီးကပြောသည်။

“ကျွန်မစျေးခုံဆိုရင် သွတ်ပြားကို ကတ်ကြေးနဲ့ ဖောက်ပြီး ဆီဘူးတွေ ခိုးသွားတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

ယင်းအပြင် ထားဝယ်မြို့ပေါ်ဇေယျ၀တီစာသင်တိုက် နှင့် EPC ရုံးအကြားရှိ တံတားတစ်ခု အနီးတွင် တောင်းရမ်းစားသောက်သူ ယောက်ျားလေးတစ်ဦးကိုလည်း မကြာခဏတွေ့ရှိ ခဲ့ရကြောင်း မြို့ခံများထံမှသိရသည်။

ယင်းအမျိုးသားကိုလည်း နောက်ကွယ်မှ ခိုင်းစေသူတစ်ဦးမကရှိပြီး ညဖက်တွင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ယင်းယောက်ျားလေးထံလာရောက်ပြီး တောင်းခံရရှိထားသမျှ ငွေကြေးများကို လာရောက်သိမ်း ယူသွားလေ့ရှိ ကြောင်းကိုယ်တိုင် တွေ့ရသည့် မြို့ခံ တစ်ဦးကပြောသည်။

ထားဝယ်မြို့တွင် အထက်ပါကဲ့သို့ ကလေးတောင်းရမ်းသူအချို့ နှင့် ကလေးကို ကျွန်ပြု အဓမ္မခိုင်းစေခံရသည့် ကလေးအချို့ရှိသော်လည်း ယနေ့အထိ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖမ်းဆီးအရေးယူခြင်းများ လုံး၀မရှိ ဖြစ်နေကြောင်းမြိုခံ အချို့ကပြောသည်။

အဆိုပါဖြစ်ရပ်များမှာ ၂၀၂၁ ခုနှစ်မတိုင်မီ အာဏာမသိမ်းခင်ကထက် အာဏာသိမ်းပြီး လေးနှစ်ကျော် ငါးနှစ်နီးပါး ကြာလာချိန်၌ ထားဝယ်မြို့ပေါ်တွင် ပိုမိုတွေ့ရှိလာရကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။