BREAKING
October 22, 2025

လူမှုဖူလုံရေးအစီအစဉ် ဖြတ်တောက်မှုက လက်ယာစွန်းများ အင်အားကြီးထွားစေဟုဆို

October 22, 2025

ပုံစာ - လက်ယာစွန်းတက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် ယခုနှစ် စက်တင်ဘာလ လန်ဒန်မြို့မှ "Unite The Kingdom" ဆန္ဒပြပွဲ။ ဓာတ်ပုံ - Christopher Furlong/Getty Images

လူမှုဖူလုံရေးအစီအစဉ်များကို ပင်မရေစီးကြောင်း နိုင်ငံရေးသမားများက ဆယ်စုနှစ်ချီ ဖြတ်တောက်လာခဲ့မှုက ကမ္ဘာတစ်ဝန်းတွင် လက်ယာစွန်းနှင့် လက်ယာယိမ်း ပေါ်ပြူလစ်နိုင်ငံရေးသမားများကိုအင်အားကြီးထွားလာစေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောဆိုချက်ကို The Guardian သတင်းစာတွင် ဖော်ပြထားသည်။

လန်ဒန်မှသည် လစ္စဘွန်းအထိ ဗဟိုလက်ယာနှင့် ဗဟိုလက်ဝဲပါတီများမှ နိုင်ငံရေးသမားများသည် လူမှုဖူလုံရေးအစီအစဉ်များကို ဖြည်းဖြည်းချင်း လျှော့ချပစ်ခဲ့ကြကြောင်း ၊ ယင်းမှတစ်ဆင့် ပြည်သူများအကြား ၎င်းတို့အတွက် အရင်းအမြစ်မလုံလောက်သည့် ခံစားချက်များ ဖြစ်ပေါ်လာစေပြီး ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် ခံစားချက်များ ကြီးထွားလာစေကြောင်း အဆိုပါ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဆိုသည်။

“တကယ်လို့ ကျွန်တော်တို့ကသာ လူမှုဖူလုံရေးအစီအစဉ်တွေကို ပိုလုပ်ပေးနေခဲ့မယ်ဆိုရင် လူတွေမှာ သူတို့ ခြိမ်းခြောက်ခံနေရပြီလို့ ခံစားနေရမှာ မဟုတ်သလို သူတို့ နောက်ကျကျန်ရစ်ခဲ့မှာလည်း ကြောက်ရွံ့နေကြမှာ မဟုတ်ပါဘူး” ဟု ကုလသမဂ္ဂ၏ အလွန်အကျွံဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အိုလီဗီယာဒီရှက်တာက ဆိုသည်။

“သူတို့ဘဝတွေကို ဂရုစိုက်တဲ့ နိုင်ငံတော်အစိုးရတစ်ရပ်က သူတို့ကို အကာအကွယ်ပေးထားတာမို့ ဒစ်ဂျစ်တယ်အကူးအပြောင်းတွေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွေကြောင့် သူတို့ ဘဝတွေ ထိခိုက်သွားမှာ မဟုတ်ဘူးဆိုတာကို ပြည်သူတွေအနေနဲ့ စိတ်ချလက်ချယုံကြည်ထားနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

လူမှုဖူလုံရေးအစီအစဉ်များ ဖြတ်တောက်မှုကြောင့် အရင်းအမြစ်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထိန်းချုပ်ထားရမည်ဆိုသည့် ခံစားချက်များ ကြီးထွားလာပြီး ပြည်သူအချင်းချင်းအကြား အကွဲအပြဲ ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ဖြစ်ပေါ်လာသည့် အကွဲအပြဲကို လက်ယာယိမ်းနိုင်ငံရေးသမားများက ကောင်းစွာ အသုံးချနေကြောင်းလည်း ဒီရှက်တာက သတိပေးသည်။

အဆိုပါ လက်ယာယိမ်းနိုင်ငံရေးသမားများ၏ သတင်းစကားမှာ ဆင်းရဲနွမ်းပါးသူများနှင့် ခေတ်နောက်ကျကျန်ရစ်သည့် ဒေသခံများအကြား ပိုမိုဆွဲဆောင်မှုရှိကြောင်း ၎င်းက သုံးသပ်သည်။

၂၀၂၁ ခုနှစ်က ဥရောပနိုင်ငံ ၁၄ ခုကို လေ့လာထားသည့် သုတေသနတစ်ခုကလည်း ၎င်း၏ အဆိုကို ထောက်ခံကြောင်း The Guardian က ဖော်ပြသည်။

ယင်းလေ့လာမှုအရ ဝင်ငွေမညီမျှမှု တိုးလာတိုင်း ပေါ်ပြူလစ်နိုင်ငံရေးသမားများကို ထောက်ခံမှု တိုးလာသည်ကို တွေ့ရသည်။

အလားတူပင် ပင်စင်ခံစားခွင့် မြင့်တက်လာခြင်း ၊ အနိမ့်ဆုံးလုပ်ခလစာဥပဒေပြဌာန်းမှုနှင့် ကလေးစရိတ်ထောက်ပံ့ငွေ တိုးမြှင့်ပေးခြင်းတို့က လက်ယာစွန်းပါတီများကို ထောက်ခံမှု ကျစေကြောင်းလည်း အဆိုပါ သုတေသနက တွေ့ရှိထားသည်။

Source: The Guardian