BREAKING
October 22, 2025

ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသတစ်ခုဖြစ်သော အိုက်စလန်တွင် ခြင် ၃ ကောင်စတင်တွေ့ရှိ

October 22, 2025

ယခုနှစ် နွေဦးရာသီတွင် စံချိန်တင်အပူချိန်မြင့်တက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ကမ္ဘာ့မြောက်ဖျားပိုင်းရှိ အိုက်စလန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြင်သုံးကောင်ကို စတင်တွေ့ရှိခဲ့ရသည်။

ကမ္ဘာပေါ်တွင် ခြင်ကင်းစင်သည့် နေရာနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် အိုက်စလန်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ခြင်များကို တွေ့ရှိရခြင်းသည် အံ့အားသင့်စရာ အပြောင်းအလဲ တစ်ရပ်ဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

သိပ္ပံအမည် Culiseta annulata အမျိုးအစား ခြင်ထီးတစ်ကောင်နှင့် ခြင်မနှစ်ကောင်ကို အိုက်စလန်နိုင်ငံ၏ မြို့တော်ရေချ်ဂျာဗစ်မှ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တွေ့ရှိခဲ့ရသည်။

ယခုတွေ့ရှိမှုသည် အိုက်စလန်၏ သဘာဝပတ်ဝန်းကျင်တွင် ခြင်များ ရှိနေကြောင်း ပထမဆုံး မှတ်တမ်းဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်များစွာက အိုက်စလန်နိုင်ငံ ကက်ဖလာဗစ်လေဆိပ်၌ ခြင်တစ်ကောင်ကို တစ်ခါ တွေ့ရှိဖူးကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခု တွေ့ရှိမှုသည် သင်္ဘောများ သို့မဟုတ် ကွန်တိန်နာများမှတစ်ဆင့် အဆိုပါ ခြင်များ မကြာသေးမီကမှ ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

သို့သော် အဆိုပါခြင်များ အိုက်စလန်နိုင်ငံအတွင်း အမြဲတမ်းနေထိုင်သွားနိုင်မည်လား ဆိုသည်ကို သိရှိရန် နောက်ထပ်စောင့်ကြည့်လေ့လာမှုများ လိုအပ်ကြောင်း အဆိုပါ သိပ္ပံပညာရှင်များက ဆိုသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့မြောက်ပိုင်းဒေသများတွင် ခြင်များနေထိုင်နိုင်ရန် ပိုမိုသင့်လျော်လာကြောင်း၊ ဖော်ပြပါ ခြင်မျိုးစိတ်သည် အေးခဲသော ရာသီဥတုနှင့် ကောင်းစွာအလိုက်သင့် နေထိုင်နိုင်စွမ်းရှိပြီး အိုက်စလန်၏ ကြမ်းတမ်းသော ဆောင်းရာသီကိုပင် ကျော်လွှားနိုင်ကြောင်း သုတေသီများက ယူဆသည်။

ယခုတွေ့ရှိမှု မတိုင်မီက အိုက်စလန်သည် ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသ နှစ်ခုထဲမှ တစ်ခုဖြစ်ခဲ့ပြီး၊ ယင်းမှာ အိုက်စလန်၏ အေးခဲသော ရာသီဥတုအပြင် ခြင်များ မျိုးပွားနိုင်သည့် ရေဝပ်နေရာများ မရှိခြင်းကြောင့် ဖြစ်ကြောင်း World Population Review က ဆိုသည်။

ပြီးခဲ့သည့်နှစ်သည် ကမ္ဘာပေါ်တွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး လူသားများကြောင့် ကမ္ဘာ့လေထု ၊ မြေထုနှင့် ရေထု ပိုမိုပူနွေးလာခဲ့သည်မှာ သံသရာရှိစရာမလိုကြောင်း ကုလသမဂ္ဂက အခိုင်အမာ ထုတ်ဖော်ပြောဆိုထားသည်။

Source: AFP ၊ BBC