ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖိလစ်ပိုင်ဆန္ဒပြပွဲအတွင်း လူ ၂၀၀ ကျော် အဖမ်းခံရ

September 22, 2025

ဓာတ်ပုံ - Reuters

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် အစိုးရအကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း လူပေါင်း ၂၀၀ ကျော် အဖမ်းခံထားရပြီး လူ ၅၀ ဝန်းကျင် ဆေးရုံတင်ထားရကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။

ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစီမံကိန်းများကို အစိုးရက အမှန်တကယ် မလုပ်ဆောင်ဘဲ လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုကြောင့် အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဆန္ဒပြသူများဘက်က စွပ်စွဲကာ တနင်္ဂနွေနေ့က မြို့တော်မနီလာတွင် လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲအတွင်း ရဲများနှင့် ဆန္ဒပြသူများအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများ ၊ မိုလိုတော့ဗ်မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

လူ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး အနည်းဆုံး ၄၆ ဦး ဆေးရုံသို့ ပို့ဆောင်ခံထားရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်ဦးရေ ၁၀၀ နီးပါးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် စာသင်ကျောင်းများကို ပိတ်ထားရကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရေလွှမ်းမိုးမှုထိန်းချုပ်ရေးစီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုများကြောင့် တိုင်းပြည်ဘဏ္ဍာငွေ စတာလင်ပေါင် ၁ ဒသမ ၄၈ သန်းအထိ ဆုံးရှုံးခဲ့ရနိုင်ကြောင်း ဖိလစ်ပိုင်အစိုးရက ခန့်မှန်းထားသည်။

သို့သော် အမှန်တကယ်ဆုံးရှုံးမှုပမာဏမှာ ယင်းထက် ပိုများနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Greenpeace အဖွဲ့က ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုနှင့် ဆက်နွှယ်သည့် စီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုကြောင့် စတာလင်ပေါင် ၁၃ ဘီလီယံအထိ ဆုံးရှုံးခဲ့ရနိုင်သည်ဟု ယင်းအဖွဲ့က ဆိုသည်။

မုတ်သုန်မိုးနှင့် မုန်တိုင်းများကြောင့် ဖိလစ်ပိုင်မြို့ကြီးမြို့ငယ်များတွင် ရေလွှမ်းမိုးမှုဖြစ်ပွားကာ ပြည်သူသန်းပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည့် ယခုနှစ် မေလတွင် အစိုးရ၏ အဆိုပါ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ စွပ်စွဲချက်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်တိုက်ခတ်သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအရေအတွက်မှာ ပျမ်းမျှ ၂၀ ခန့်ရှိသည်။

ယင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် အထိခိုက်ခံရဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ် ရှိနေသည်။

Source: NHK World ၊ Associated Press ၊ The Guardian