BREAKING
October 19, 2025

တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်ကို လေယာဉ်ဖြင့် တစ်ရက်တည်း ဗုံးအလုံးရေဆယ်ချီ ကြဲချတိုက်ခိုက်

September 22, 2025

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာကို စစ်အာဏာရှင်တပ်လေကြောင်းက တစ်ရက်အတွင်း ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်တွင် တစ်ကြိမ်လျှင် လေယာဉ်နှစ်စင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်း ရှေ့တိုးလာသဖြင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်စဉ် မွန်းလွဲ ၁နာရီကျော်မှ ၂ နာရီခန့်အထိ Y 12 အမျိုးအစား လေယာဉ်နှင့် K8W တိုက်လေယာဉ်ဖြင့် သိန်ခွန်းကျေးရွာ၊ ကွမ်းသီးတောနှင့် တိုက်ပွဲဖြစ်နေသည့် ဧရိယာများကို ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လေကြောင်း မလာခင် ရန်သူ တိုး(ရှေ့)တက်လာလို့ မိနစ် နှစ်ဆယ်လောက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ ပြီးမှ လေကြောင်းအကူနဲ့ တစ်နာရီနီးပါး လာကြဲသွားတယ်” ဟု ၎င်းက ပြောသည်။

လေကြောင်းဖြင့် ဗုံးကြဲပြီးနောက်တွင်လည်း ၁၅မိနစ်ခန့်အကြာ ကင်းထောက်ပျံဝဲပြီးမှ မြိတ်လေတပ်စခန်းဌာနချုပ်ဘက်သို့ ပြန်သွားကြောင်း ၎င်းက ပြောဆိုသည်။

ညနေ ၅နာရီဝန်းကျင်မှ ၆နာရီဝန်းကျင်အထိလည်း ဒုတိယအကြိမ်ဗုံးလာကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

ပထမအကြိမ် လာကြဲသည့်နေရာများကိုပင် Y 12 အမျိုးအစားလေယာဉ်နှင့် K8W တိုက်လေယာဉ်တို့ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က တစ်ကြိမ်လျှင် ဗုံးအလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့က ပြောဆိုသည်။

“ပေါက်ကွဲသံကိုပဲ လိုက်နားထောင်ပြီးရေ (တွက်) ထားတာ။ မပေါက်တာလည်းရှိဦးမယ်။ ကြဲတာက Y-12 နဲ့ ကြဲတာများတယ်။ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ မရမက တိုး(အရှေ့ကိုတက်) တက်မယ့် အလားလာရှိတယ်။ အဲဒါကြောင့် လေကြောင်းပစ်ကူ အများအပြားသုံးနေတာထင်တယ်” ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ကြဲချသည့် ဗုံးအလုံးရေနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှု မရှိသလို ဥယျာဉ်ခြံများအတွင်း ကြဲချတိုက်ခိုက် သည့်အတွက် နေအိမ်အဆောက်အအုံထိခိုက်မှုလည်း မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်ထိန်းချုပ်ရန် စစ်အာဏာရှင် တပ်သား အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးနေသည်မှာ ၈ လကျော်လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာဝန်းကျင်မှာပင် ရပ်တန့်နေသည်။

ထိုကြောင့် သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ်ရှိနေကာ စက်တင်ဘာလ၉ရက်မှ ၁၇ရက်နေ့အထိ ၉ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။