တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်နဲ့ ဝေဒီကျေးရွာတို့မှာ စက်တင်ဘာလ ၁၇ရက်က PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖြန့်ချိနေပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM နဲ့ Dawei Watch တို့က ပူးပေါင်းပြီး အချက်အလက် စိစစ်ရာမှာတော့ သတင်းအမှားဖြစ်တာကို စစ်ဆေးတွေ့ရှိရပါတယ်။
စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁၉ရက်မှာ အဲဒီအကြောင်းအရာကို ဖြန့်ချိခဲ့ပါတယ်။ စက်တင်ဘာလ ၂၀ ရက်အထိ ဝင်ရောက်ဖတ်ရှုပြီးသူဦးရေ နှစ်သောင်း လေးထောင်ကျော်၊ Reaction ပြုလုပ် သူဦးရေ လေးရာခန့်ရှိပါတယ်။
အလားတူ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ် နောက်တစ်ခုဖြစ်တဲ့ ပုလဲမြေချန်နယ်က ဖြန့်ချိထားတာလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စစ်အာဏာရှင်တပ် လေယာဉ်နဲ့ ဗုံးကြဲ
လောင်းလုံးမြို့နယ်၊ ညင်းမော်နဲ့ ဝေဒီကျေးရွာဖြစ်စဉ်ကို စစ်ဆေးကြည့်တဲ့အခါ စက်တင်ဘာလ ၁၇ ရက်မှာ စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တာကို တွေ့ရပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်တွေထဲက ကျေးရွာ ၁၀ ကျော်ကို တိုက်ပွဲဖြစ်တာ မရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသအခြေစိုက် လွတ်လပ်တဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Dawei Watch က အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ “စစ်အာဏာရှင်တပ်က ထားဝယ်ခရိုင်က ကျေးရွာ ၁၀ ရွာကျော်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁၇ရက်မှာ ဒေသခံတွေကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။
အဲဒီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှာ လောင်းလုံးမြို့နယ်က ဒေသခံနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ သတင်းနောက်ခံအဖြစ် သတင်းစာပိုဒ် ၇ပိုဒ်မြောက်မှာ စတင် ဖော်ပြခဲ့တဲ့ Dawei Watch ရဲ့ သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဒီရွာက အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရပြီး သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အမည်နဲ့တကွ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ထားတာကိုလည်း လင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now သတင်းဌာနကလည်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက သုံးမြို့နယ်ကို တစ်ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဝေဒီကျေးရွာမှာ မိသားစုဝင် သုံးဦး သေဆုံး၍ ကလေး သုံးဦး အပါအဝင် လေးဦး ဒဏ်ရာရတယ်လို့ သတင်းဖော်ပြထားပါတယ်။
နောက်ထပ် လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာတော့ “တနသင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ – DDMSC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြထားတာ တွေ့ရပါတယ်။
စိစစ်တွေ့ရှိချက်
လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်၊ ဒေသခံသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေအရ စက်တင်ဘာလ ၁၇ ရက်က ထားဝယ်ခရိုင် ထဲက မြို့နယ်သုံးခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖော်ပြရမှာပါတဲ့ ဝေဒီရွာမှာပဲ လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ သေဆုံးထိခိုက်မှု များခဲ့တာကို တွေ့ရပါတယ်။
စစ်အာဏာရှင်တပ်က ထားဝယ်ခရိုင် မြို့နယ်သုံးခုထဲက ကျေးရွာ ၁၀ ကျော်ကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ပေါ်နေချိန် အဲဒီလုပ်ရပ်ကို ဖုံးကွယ်ဖို့အတွက် စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်တွေက PDF တွေရဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်လို့ အချိန်ကိုက် ပုံဖော် ဝါဒဖြန့်ခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။