တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ စစ်အာဏာရှင်တပ်၏ တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ခရီသွား ၁၀ဦးဝန်းကျင်အနက် အမျိုးသား နှစ်ဦးမှာ ငါးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၈ ရက် နေ့လယ်တွင် ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွား ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေ ၄နာရီခန့်တွင် တံတားဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် ခရီးသွားများအနက် ပဝရွာသားနှစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးကို ညပိုင်းတွင် ပြန်လွတ်လာပြီး စက်တင်ဘာလ ၂၁ ရက်တွင်လည်း ပဝရွာသား အမျိုးသားတစ်ဦးနှင့် သဘော့လိပ်ရွာသူ အမျိုးသမီးတစ်ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။
“အဲဒီရက်က (စက်တင်ဘာ၁၈) လမ်းသွားလမ်းလာတွေ အကုန်ခဏအတွင်း ဖမ်းလိုက်တယ်။ ညနေဘက် တံတားပိတ်ပြီး ဘယ်သူမှ ပေးမဖြတ်တော့ဘူး။ ပြန်လွတ်လာသူအချို့ကို ဘာကြောင့်ဖမ်းလဲလို့ မေးတာ မဖြေကြဘူး” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ရွှေကျင်ရွာသား အမျိုးသားတစ်ဦးနှင့် ထုံမခါရွာသား အမျိုးသားတစ်ဦးမှာမူ ယနေ့ စက်တင်ဘာလ ၂၂ ရက် နေ့လယ်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သားများ ဖမ်းဆီးခဲ့သည့် ခရီးသွား ၁၀ ဦးစလုံးကို ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်တွင်ပင် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။
လက်ရှိဖမ်းဆီးခံထားရသည့် အမျိုးသား နှစ်ဦးကိုလည်း ညောင်ပင်ကွင်းရွာ တံတားဂိတ်တွင်ပင် ထိန်းသိမ်းထားကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
“ဘာအကြောင်းကြောင့် ဖမ်းဆီးထားတာ မသိရသေးဘူး။ ပြန်လွတ်လာသူတွေလည်း မသိဘူးလို့ပဲ ပြောတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး” ဟု ၎င်းက ပြောသည်။
တံတားကိုမူ အောက်တိုဘာလ ၁၉ရက် နံနက်ပိုင်းတွင် ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်အနီးတွင် စစ်အာဏာရှင်တပ်၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းတည်ရှိသည်။