မြန်မာဖိုက်တာ လှဝင်း ဟာ ထိုင်းဖိုက်လိဂ်ပွဲစဉ်အဖြစ် စကော့တလန်ဖိုက်တာ ဂရီဂေါ်နဲ့ ထိုးခဲ့တဲ့ပွဲမှာ ဆရာဝန်က ပွဲကို ဆက်ထိုးဖို့ ခွင့်မပြုတော့တဲ့အတွက် ဆေးရှုံးပြီး ဒိုင်ပွဲရပ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကာပီက Wolrd Siam Stadium မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ Thai Fight League 85 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ လှဝင်း အရေးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာဖိုက်တာ လှဝင်းဟာ Thai Fight League 85 မှာ စကော့တလန်ဖိုက်တာ ဂရီဂေါ်နဲ့ ထိုးခဲ့ရပြီး ဒီပွဲရဲ့ဒုတိယပွဲချီမှာ ဆရာဝန်က လှဝင်းကို ဒဏ်ရာအခြေအနေကြောင့် ပွဲဆက်ထိုးဖို့ ခွင့်မပြုတော့တဲ့အတွက် ဆေးရှုံးပြီး ဒိုင်ပွဲရပ်နဲ့ အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။
လှဝင်းဟာ သူ့ထက် အတွေ့အကြုံပိုင်းဆိုင်ရာ အရမ်းသာလွန်တဲ့ ဂရီဂေါ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဂရီဂေါ်ဟာ ပထမပွဲချီကို အကဲစမ်းတဲ့သဘောမျိုးလောက်သာ ထိုးခဲ့လို့ လှဝင်းက အနည်းငယ် အသာရသလိုရှိခဲ့ပါတယ်။



ONE Friday Fights မှာ ရလဒ်ကောင်း ရရှိထားတဲ့ ဂရီဂေါ်ဟာ ဒုတိယပွဲချီကိုရောက်မှ တိုက်စစ်အားကို မြှင့်တင်ပြီး ကစားလာခဲ့တာပါ။ ဂရီဂေါ်ရဲ့အမြင့်ခြေကန်ချက်တွေ၊ တံတောင်ရိုက်ချက်တွေကို လှဝင်း တောင့်မခံနိုင်ခဲ့ဘဲ နဖူးကွဲတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
ဒုတိယပွဲချီမှာ လှဝင်းက နှစ်ကြိမ်တိုင် Knockdown ကျခဲ့ပြီး သူ့ရဲ့နဖူးဒဏ်ရာအခြေအနေကို ကြိုးဝိုင်းကြီးကြပ်သူဆရာဝန်က စစ်ဆေးပြီးတဲ့နောက် ပွဲဆက်ထိုးဖို့ ခွင့်မပြုတော့လို့ လှဝင်းဟာ ဆေးရှုံး ရှုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ရပ်နားလိုက်ပြီး စကော့တလန်ဖိုက်တာ ဂရီဂေါ်ကို အနိုင်ပေးလိုက်ပါတယ်။







