BREAKING
October 18, 2025

ရန်ကုန်-မြိတ် ယာဥ်လိုင်းမှ Express ကားတစ်စီး မတော်တဆမှုဖြစ်ပြီး ယာဥ်မောင်း ဒဏ်ရာရ

September 22, 2025

ပုံစာ - စက်တင်ဘာလ ၂၁ ရက်ညက ယာဥ်မတော်တဆမှုဖြစ်သည့် express ကား။ ဓာတ်ပုံ - ဘိုဘိုဝင်း။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့အကြားရှိ သာယာကုန်းတိုးဂိတ်အနီးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီဝန်းကျင်ခန့်က မှန်လုံကားတစ်စီး မတော်တဆဖြစ်ပြီး ယာဥ်မောင်းဒဏ်ရာရသွားကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။

ယင်းကားမှာ ရန်ကုန်-ထားဝယ်-မြိတ် ခရီးသည်တင်ယာဥ်လိုင်း ပြေးဆွဲနေသည့် Angel ယာဥ်လိုင်းမှ ကားဖြစ်ကြောင်း၊ စက်ချို့ယွင်းနေသဖြင့် ခရီးသည်နှင့်ကုန်များကို အခြားကားတစ်စီးကို ပြောင်းတင်ပြီးနောက် ထားဝယ်မြို့ မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း အဆိုပါယာဥ်လိုင်းထံမှသိရသည်။

” ကားက စက်ချို့ယွင်းမှုရှိလို့ ပစ္စည်းတွေ အခြားကားတစ်စီးနဲ့ ပြောင်းချိန်းပြီး ပြန်ပြင်ဖို့ ရန်ကုန်ဘက်ကို ထိန်းမောင်းလာရင်းနဲ့ ဖြစ်တာပေါ့နော်။ ကားပေါ်မှာ ခရီးသည်တွေမပါဘူး။ ပထမ တိုးဂိတ်က လမ်းလယ်ကြောကို တိုက်သေးတယ်။ ပြီးမှ လမ်းဘေးဆွဲချပြီး ဘေးက အဆောက်အဦး တစ်ခုကို တိုက်မိသွားတယ် ” ဟု အဆိုပါယာဥ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောပြသည်။

ဘရိတ်ပေါက်၍ ယာဥ်မတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယာဥ်မတော်တဆမှုကြောင့် ကားခေါင်းခန်းထဲတွင် ယာဥ်မောင်းဖြစ်သူ ညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရကြောင်း ကူညီရာတွင် ပါဝင်သည့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။

” ကားသမားက ခေါင်းခန်းထဲညပ်နေတာ ဆွဲထုတ်လိုက်တော့ ခြေထောက်မှာတော့ ထိထားတာရှိတယ်။ ကားသမားက မတ်တပ်တော့ရပ်နိုင်သေးတယ်။ ဆွဲထုတ်ပြီးတာနဲ့ ဆေးရုံ ပို့ပေးလိုက်တယ်။ ကားပေါ်မှာ စပယ်ယာနောက်တစ်ယောက်ပါသေးတယ်။ သူကတော့မထိဘူး “ ဟု ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦး ကပြောသည်။

စက်တင်ဘာလ ၂ဝ ရက်ကလည်း ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့တွင် ကျူရှင်မှပြန်လာသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူ စီးလာသည့်စက်ဘီးနှင့် Pro Box အမျိုးအစား ခရီးသည်တင်ကား တိုက်မိ၍ အဆိုပါ ကျောင်းသူ သေဆုံးခဲ့ကြောင်း မြို့ခံများထံသိရသည်။