BREAKING
October 18, 2025

Gen Z နိုင်ငံရေးလှုပ်ရှားမှုများနဲ့တောင်အာရှ

September 22, 2025

ဓာတ်ပုံ - Arun Sankar/AFP

လုံခြုံရေးတပ်ဖွဲ့တွေ ချထားတဲ့ အတားအဆီးဘယ်ရီကိတ်တွေကို ဖြတ်ကျော်ပြီးတော့ လူပင်လယ်ကြီးဟာ နိုင်ငံ့ခေါင်းဆောင်ရဲ့ စံအိမ်တော်ထဲကို စီးနင်းဝင်ရောက်လာခဲ့ပြီ။ လူအုပ်ကြီးဟာ ပြတင်းပေါက်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးနေကြပြီ။ ဇိမ်ခံမွေ့ယာတွေနဲ့ ရှူးဖိနပ်တွေကို ယူသူက ယူနေကြပြီ။ နိုင်ငံ့ခေါင်းဆောင်ရဲ့ နေအိမ်စင်္ကြံလမ်းမှာ ဖုန်ပေကျံနေတဲ့‌ ခြေလှမ်းတွေနဲ့ ခြေသံတွေ ပဲ့တင်ထပ်နေခဲ့ပြီ။

ဒါဟာ မကြာသေးခင်က နီပေါနိုင်ငံရဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဒီအနေအထားကို တွေ့ခဲ့ရပါတယ်။ ဒီသုံးနိုင်ငံစလုံးရဲ့ ဖြစ်စဉ်မှာ တူညီတာတစ်ခုကတော့ ဒီလိုမျိုး လူထုအုံကြွဆန္ဒပြမှုတွေမှာ Gen Z လူငယ်တွေက အဓိကအခန်းကဏ္ဍမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနေရာဖြစ်တဲ့ တောင်အာရှဒေသဟာ ၂၀၂၀ ပြည့်နှစ်လွန်အချိန်ကစပြီး ကမ္ဘာပေါ်မှာ နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးဒေသတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။

“ဒါက တကယ်ကို ထူးခြားတဲ့ အခြေအနေတစ်ခုပါ။ နိုင်ငံရေးမတည်ငြိမ်မှု ပုံစံသစ်တစ်မျိုး ပေါ်ပေါက်လာတာပါ”

တောင်အာရှဒေသမှာ နိုင်ငံရေးအကြမ်းဖက်မှုနဲ့ နိုင်ငံတကာလုံခြုံရေးကို အဓိကသုတေသနပြု လေ့လာနေတဲ့ ချီကာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာရပ်ရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ ပေါလ်စတန်နီလန်းက အဲဒီလို ပြောပါတယ်။ တောင်အာရှဒေသမှာ လူငယ်တွေ ဦးဆောင်တဲ့ အုံကြွဆန္ဒပြမှုတွေကြောင့် အစိုးရတစ်ခုပြီးတစ်ခု ပြုတ်ကျသွားရာကနေ မေးခွန်းတစ်ခုလည်း လှုပ်နှိုးခံလိုက်ရပါတယ်။

ကမ္ဘာ့လူဦးရေအထူထပ် အသိပ်သည်းဆုံးနေရာဖြစ်တဲ့ တောင်အာရှဒေသဟာ Gen Z တော်လှန်ရေးတွေရဲ့ စမှတ်နေရာ ဖြစ်နေပြီလား? အဲဒီမေးခွန်းပါပဲ။

“တောင်အာရှဒေသမှာ အထင်ကရလူထုအုံကြွဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အစိုးရတစ်ရပ်လုံး ဖြုတ်ချခံလိုက်ရတာမျိုးအထိ ဖြစ်တာက ရှားပါတယ်။ ဒါက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ” လို့ ပါမောက္ခစတန်နီလန်းက ဆိုပါတယ်။

သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါက လူထုအုံကြွဆန္ဒပြမှုတစ်ခုချင်းစီဟာ အဲဒီသက်ဆိုင်ရာနိုင်ငံရဲ့ ကိုယ်ပိုင်သမိုင်းနောက်ခံအခြေအနေတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဒီနိုင်ငံတွေရဲ့ လူထုအုံကြွမှုတွေမှာ တူညီတာတစ်ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဲဒါကတော့ ကတိမတည်တဲ့ အစိုးရလက်အောက်မှာ နေထိုင်ဖို့ လူငယ်မျိုးဆက်တွေက ငြင်းဆန်လာကြပြီး အဲဒီလို ငြင်းဆန်အောင် သူတို့ကို တွန်းအားပေးနေတဲ့ အခြေအနေအကြောင်းတရားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွဆန္ဒပြမှုတွေဟာ တစ်ခုကိုတစ်ခု အားကျအတုယူခဲ့ကြတယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကိုလံဘိုမှသည် ဒါကာနှင့် ခတ္တမန္ဒူသို့

နီပေါနိုင်ငံ ၊ မြို့တော်ခတ္တမန္ဒူက Gen Z လူငယ်တွေရဲ့ ဆန္ဒပြပွဲဟာ အစိုးရက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်လိုက်ပြီးနောက်မှာ စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြ Gen Z နီပေါလူငယ်တွေရဲ့ အစိုးရအပေါ် အမှန်တကယ် မကျေနပ်ချက်တွေဟာ ဒီထက်ပို အများကြီး နက်ရှိုင်းပါတယ်။ နိုင်ငံအတွင်း လူတန်းစားမညီမျှမှု ၊ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးကောင်းစားရေးဝါဒဟာ ဒီဆန္ဒပြပွဲတွေရဲ့ တကယ့်လောင်စာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်လူငယ်ပေါင်း ထောင်နဲ့ချီ လမ်းပေါ်ထွက်လာခဲ့တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရပြီး နောက်ထပ်လူရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရက်ရက်စက်စက် နှိမ်နှင်းမှုဟာ အကျပ်အတည်းကို မဖြေရှင်းနိုင်ဘဲ ပိုဆိုးရွားသွားစေတာပဲ အဖတ်တင်ပါတယ်။ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံကို မီးရှို့ခဲ့ကြပါတယ်။ နိုင်ငံရေးသမားအချို့ရဲ့ နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပါတယ်။ နီပေါနိုင်ငံရဲ့ အကြီးဆုံး မီဒီယာတိုက်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်အိုလီရဲ့ နေအိမ်ထဲကို စီးနင်းဝင်ရောက်ခဲ့ကြပြီး ပစ္စည်းပစ္စယတွေကို မွှေနှောက်ဖျက်ဆီးယူငင်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်အိုလီဟာ ရာထူးကနေ နုတ်ထွက်လိုက်ရပါတယ်။

၂၀၂၄ တုန်းက ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွဆန္ဒပြမှုကလည်း ဒီလိုပါပဲ။ မျှတမှုမရှိဘဲ ခွဲခြားပေးအပ်တဲ့ အစိုးရဝန်ထမ်းအလုပ်ခွဲတမ်းကို ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုကြောင့် အရပ်သားရာပေါင်းများစွာ သေဆုံးခဲ့ရပြီးနောက်မှာတော့ ဆန္ဒပြပွဲရဲ့ အသွင်အပြင်ဟာ လူထုလူတန်းစားပိုမိုပါဝင်လာပြီး အစိုးရနုတ်ထွက်ပေးရေးတောင်းဆိုသံအထိ ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာဟာ ဩဂုတ်လ ၅ ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပေးလိုက်ရပြီး အိန္ဒိယနိုင်ငံကို ဟယ်လီကော်ပတာနဲ့ ထွက်ပြေးသွားခဲ့ရပါတယ်။

အလားတူ အခြေအနေမျိုးကို ၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံမှာလည်း တွေ့မြင်ခဲ့ရပါတယ်။ အစိုးရက အကြွေးတွေကို ပြန်မဆပ်နိုင်ဘဲ တိုင်းပြည်စီးပွားရေးပြိုလဲသွားရာကနေ လူထုအုံကြွဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။

၂၀၂၂ ခုနှစ် မတ်လက သီရိလင်္ကာနိုင်ငံကို ပြန်သွားကြည့်လိုက်ရင် ပြည်သူတွေရဲ့ နေ့စဉ်ဘဝဟာ အင်မတန် ကျပ်တည်းဆိုးရွားနေခဲ့တယ်ဆိုတာ တွေ့ရပါမယ်။ တစ်နေ့မှာ ၁၂ နာရီကြာ လျှပ်စစ်မီးပြတ်တောက်ပြီး လောင်စာဆီနဲ့ မီးဖိုဂတ်စ်ဖြည့်ခွင့်ရဖို့အတွက် တန်းစီစောင့်ဆိုင်းနေရတဲ့ လူတန်းရှည်ကြီးတွေနဲ့ ၅၀ ရာခိုင်နှုန်းအထက် မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကို တွေ့ရပါမယ်။

ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မကျေနပ်ချက်တွေကနေ သီဟိုဠ်စကားနဲ့ “ရုန်းကန်တိုက်ပွဲ”လို့ အဓိပွါယ်ရတဲ့ Arglaya Movement ဆိုတဲ့ လူထုအုံကြွဆန္ဒပြလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သမ္မတရာဂျာပါကက်စ်ဟာ သူ့ရဲ့ သမ္မတနေအိမ်ကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက်မှာ တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။

လူငယ်ဦးရေပေါက်ကွဲမှုနဲ့ ဖွံ့ဖြိုးရေးဝိရောဓိ

တောင်အာရှဟာ လက်ရှိကမ္ဘာပေါ်မှာ လူငယ်လူဦးရေအများဆုံး ဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းကျော်ဟာ အသက် ၂၅ နှစ်အောက်မှာ ရှိပါတယ်။ နီပေါနိုင်ငံမှာ ဒီလူငယ်ပမာဏဟာ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိပါတယ်။

ဒီနိုင်ငံတွေရဲ့ တစ်ဦးချင်းအသားတင်ထုတ်ကုန်တန်ဖိုးက ကမ္ဘာ့ပျမ်းမျှထက် အများကြီး ပိုနိမ့်ပေမယ့် စာတတ်မြောက်မှုနှုန်းကတော့ ၇၀ ရာခိုင်နှုန်း‌ကျော်မှာ ရှိပါတယ်။

လူငယ်ထုဦးရေများပြားမှုဟာ နိုင်ငံရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ‌ရောင်အခွင့်အလမ်း ဖြစ်သင့်ပေမယ့် တောင်အာရှနိုင်ငံတွေမှာတော့ အလုပ်လက်မဲ့ ပြဿနာ ၊ လူတန်းစားမညီမျှမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘွဲ့ရလူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းက ၂၀၂၃ မှာ ၃၃ ရာခိုင်နှုန်းအထိ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ အိမ်ကို ပြန်ပို့တဲ့ငွေက နီပေါနိုင်ငံ ဂျီဒီပီရဲ့ ၂၇ ရာခိုင်နှုန်းမှာ ရှိပါတယ်။

နီပေါနိုင်ငံသား သန်းပေါင်းများစွာဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေရကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ခွင့်မရဘဲ ဘေးဖယ်ခံထားရတယ်ဆိုတဲ့ ခံစားချက်ကို ဖန်တီးမိစေပါတယ်။ အလုပ်အကိုင် ၊ လူမှုတရားမျှတမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ မျှော်မှန်းချက်တွေ မပြည့်မီတဲ့အခါ လူငယ်ထုဟာ အစိုးရကို ဖီဆန်တဲ့ အားအကောင်းဆုံး အင်အားစုတစ်ခု လွယ်လွယ်ကူကူ ဖြစ်လာတတ်ပါတယ်။

မိမိ လိုလားတဲ့အနာဂတ် ၊ မိမိတို့ လိုလားချက်နဲ့ လက်တွေ့ဘဝကြားက ကွာဟချက်အပေါ် လူငယ်တွေရဲ့ မျှော်မြင်နိုင်စွမ်းကို မကြာသေးခင်က တောင်အာရှနိုင်ငံတွေက လူငယ်ဦးဆောင်တဲ့ လူထုအုံကြွလှုပ်ရှားမှုတွေမှာ အများဆုံး တွေ့ရတယ်လို့ ပါမောက္ခစတန်နီလန်းကလည်း ပြောပါတယ်။ အနာဂတ်နဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်နဲ့ မကျေနပ်ချက်တွေအပြင် သူတို့လူငယ်တွေအချင်းချင်းအကြားမှာ စည်းလုံးချိတ်ဆက်မှုရှိတယ်ဆိုတဲ့ခံစားချက်က ဒီလူငယ်တွေရဲ့ ခွန်အားပဲလို့ သူက ပြောပါတယ်။

ဒီလှုပ်ရှားမှုတွေဟာ ခွဲထွက်ရေးတောင်းဆိုချက်တွေ ၊ လူနည်းစုတစ်ခုရဲ့ မကျေနပ်ချက်တွေ အခြေခံတာမျိုးထက် လူမှုစီးပွားဘဝဆိုင်ရာကို အဓိကအလေးပေးတာကြောင့် နိုင်ငံအနှံ့က လူတွေကို ဆွဲဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“ဒီအစိုးရတွေဟာ သူတို့ကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ အထူးသဖြင့် လူတန်းစားကွာဟချက်ကြီးမားတဲ့ ၊ စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့ အခြေအနေမျိုးမှာဆိုရင် ဒီအစိုးရတွေအဖို့ အားကိုးစရာ နည်းလမ်း များများစားစား မရှိတော့ဘူး” လို့ ပါမောက္ခစတန်နီလန်းက ပြောပါတယ်။

Gen Z မျိုးဆက်ရဲ့ အားသာချက်

ဒီနိုင်ငံတွေက Gen Z လူငယ်မျိုးဆက်တွေရဲ့ ဆန္ဒပြပွဲမှာ နိုင်ငံရေးမှာ အားလုံးပါဝင်မှုရှိရေး ၊ စီးပွားရေးအရ တရားမျှတမှုရှိရေးနဲ့ အရွေးကောက်ခံကိုယ်စားလှယ်များ တာဝန်ယူမှု တာဝန်ခံမှုရှိရေးတို့အတွက် အင်မတန် ဒီမိုကရေစီနည်းလမ်းကျတဲ့ တောင်းဆိုချက်တွေကိုလည်း တွေ့ရတယ်လို့ ကိုလံဘီယာတက္ကသိုလ်က နိုင်ငံတကာရေးရာ မဟာဘွဲ့အစီအစဉ်ရဲ့ ဌာနမှူး ရူမယ်လာဆန်က ပြောပါတယ်။

နိုင်ငံ့လူဦးရေရဲ့အများစုက လူငယ်တွေ ဖြစ်နေပြီး အင်တာနက်ကို လက်လှမ်းမီပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်စွမ်းလည်းရှိတာကြောင့် တောင်အာရှက Gen Z လူငယ်တွေဟာ သူတို့အချင်းချင်းအကြား စည်းရုံးလှုံ့ဆော်ဖို့နဲ့ သူတို့ရဲ့အမြင်တွေကို ထုတ်ဖော်ဖို့အတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို အသုံးချနိုင်ခဲ့တယ်လို့ ဆန်က ဆိုပါတယ်။

အင်တာနက်သုံးစွဲခွင့်နဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်တာက အစိုးရတွေအတွက် ပြောင်းပြန်ဆိုးကျိုးပဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

နီပေါနိုင်ငံက လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်တွေ ဖျက်ဆီးခံနေရချိန် နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေက ဘယ်လောက်ချမ်းသာပြီး နိုင်ငံခြားမှာ ပညာသင်ခွင့်ရနေကြတယ်ဆိုတာကိုလည်း မလျစ်လျူရှုထားနိုင်ဘူးလို့ ဆန်က ပြောပါတယ်။

“တရားမျှတမှု ၊ အနာဂတ်ဘဝနဲ့ အလုပ်အကိုင်အရေး Gen Z လူငယ်တွေရဲ့ တောင်းဆိုသံတွေဟာ နည်းပညာကျွမ်းကျင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ရှေးရိုးစွဲနိုင်ငံရေးအီလစ်တွေထက် တစ်ကွက်ပိုသာသွားစေတယ်”

အပြန်အလှန် အားကျသင်ယူနေ

နိုင်ငံရေးမနုဿဗေဒပညာရှင် ဂျီဗန်ရှာမာက ဒီနိုင်ငံတွေက ဆန္ဒပြလှုပ်ရှားမှုတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်သင်ယူခဲ့ကြသလို အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေဆီက လူငယ်ဆန္ဒပြလှုပ်ရှားမှုတွေ ဆီကနေ သင်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

“သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်က လှုပ်ရှားမှုတွေကို နီပေါ လူငယ်တွေက သေချာစောင့်ကြည့်နေခဲ့ကြတယ်” လို့ သူက ဆိုပါတယ်။

နီပေါက Gen Z လူငယ်တွေ ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ သီးခြားဖြစ်ပေါ်လာတာ မဟုတ်ဘဲ တိုင်းပြည်ကို ဦးဆောင်နေသူတွေအပေါ် နက်ရှိုင်းတဲ့ မကျေနပ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ဒါကို ပါမောက္ခစတန်နီလန်းကလည်း သဘောတူပါတယ်။

“ ဒီလှုပ်ရှားမှုတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စောင့်ကြည့်သင်ယူပြီး အားကျအတုယူနေကြတာ သေချာပါတယ်”

နီပေါနဲ့ အခြားတောင်အာရှဒေသတွင်း နိုင်ငံတွေမှာ အသုံးပြုခဲ့တဲ့ ဆန္ဒပြနည်းလမ်းတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာပေါ်က hashtag ကမ်ပိန်းနဲ့ ဗဟိုဦးစီးမှုမရှိတဲ့ စည်းရုံးစုဖွဲ့မှုတွေဟာ ပေါ်ထွက်ကာစ ဒစ်ဂျစ်တယ်ဆန္ဒပြမှုနည်းလမ်းတစ်ခုကို ကိုယ်စားပြုထင်ဟပ်စေတယ်လို့ ကိုလံဘီယာတက္ကသိုလ်က Sen က ဆိုပါတယ်။ သုတေသီတော်တော်များများက ဒစ်ဂျစ်တယ်နည်းပညာကို တောင်အာရှမျိုးဆက်လူငယ်သစ်တွေအတွက် “နိုင်ငံရေးလက်နက်”တစ်ခုလို့ ရှုမြင်ကြပါတယ်။

မေးစရာကျန်တဲ့ မိန့်ခွန်းကတော့ ဒီလိုမျိုး ဆန္ဒပြပွဲတွေ တောင်အာရှက နောက်ထပ်ဘယ်နိုင်ငံမှာ ပေါက်ကွဲလာဦးမလဲ ဆိုတာပါပဲ။

Ref: Al Jazeera ၊ Modern Diplomacy

ဈာန်ဟိန်း