BREAKING
October 19, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 22, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ် ၁၆ မှ ၂၂ ရက်အထိ

ကမ္ဘာ့အသက် အကြီးဆုံးပုဂ္ဂိုလ် ၁၁၆ နှစ်ပြည့်လာ

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အဘွားအို အီသဲလ်ကတ်တာဟမ်ဟာ သူ့ရဲ့ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ အင်္ဂလန်နိုင်ငံက သူ့နေအိမ်မှာကျင်းပခဲ့ပါတယ်။

ကတ်တာဟမ်ဟာ ဒီနှစ် မေလကတည်းက ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာခဲ့တာပါ။

သူမကို ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တရားဝင်အသိအမှတ်ပြုထားတာဖြစ်ပါတယ်။

ကတ်တာဟမ်ဟာ ၁၉၀၉ ခုနှစ် ဩဂုတ် ၂၁ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၈ ဦးမှာ ဒုတိယမြောက်သမီးဖြစ်ပါတယ်။

အသက်ရှည်ဖို့အတွက် နည်းလမ်းက ကိုယ်မြတ်နိုးတဲ့ ဝါသနာကို ရှာဖွေတွေ့ရှိဖို့နဲ့ အဲဒီဝါသနာကတဆင့် မိတ်ဆွေဖွဲ့ဖို့ ဖြစ်တယ်လို့ ကတ်တာဟမ်က ပြောကြားခဲ့ပါတယ်။

Ref: BBC

……………………………………..

အာဆီယံအဖွဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်သို့ လာရောက်

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နယ်စပ်အရှေ့မြောက်ပိုင်းထဲက ခရိုင်တွေရဲ့ နယ်မြေအခြေအနေကို လေ့လာကြည့်ရှုနိုင်ဖို့ အာဆီယံအဖွဲ့က ဩဂုတ်လ ၂၀ ရက်နေ့မှာ လာရောက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ထိုင်းနယ်စပ်ရှိ ပရယ်ဗီဟီယ ဘုရားကျောင်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါသေးတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားကာကွယ်ရေးသံမှူး ဗိုလ်မှူးကြီး နက်ဇ်လီဘင်အဗ္ဗဒူလ် ရာဟင်မ် ဦးဆောင်တဲ့ အာဆီယံ ယာယီစောင့်ကြည့်ရေးအဖွဲ့ (IOT) မှ ကိုယ်စားလှယ်တွေ လာရောက်ကြည့်ရှုခဲ့တာပါ။

ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်း အဟောင်းရော အသစ်ရော ထိုင်းဘက်ခြမ်းမှာ လာအသုံးပြုနေတယ်လို့ စွပ်စွဲထားပြီး ကမ္ဘောဒီးယားဘက်ကတော့ အဲဒီစွဲချက်ကို ငြင်းဆိုထားပါတယ်။

ကမ္ဘောဒီးယားဟာ မြေမြုပ်မိုင်းအသစ်တွေကို အသုံးပြုတာ၊ ထုတ်လုပ်တာ ဒါမှမဟုတ် မြုပ်ထားတာမျိုး လုံးဝမလုပ်ဖူးပါဘူးလို့ တုံ့ပြန်ထားပါတယ်။

Ref: Thai PBS

……………………………………..

အမေရိကန် တရားသူကြီး ဖရမ့်ကယ်ပရီယို ကွယ်လွန်

အမေရိကန်ပြည်ထောင်စုက နာမည်ကြီး တရားသူကြီး ဖရန့်ကက်ပရီယိုဟာ ကင်ဆာရောဂါနဲ့ အသက် ၈၈ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ 

ကယ်ပရီယိုဟာ သူ့ရဲ့ တရားခွင်ရုပ်သံမှတ်တမ်းတွေကြောင့် ကမ္ဘာ့အကောင်းဆုံးတရားသူကြီး ဆိုပြီး နာမည်ကြီး ကျော်ကြားခဲ့တာပါ။

ရုပ်သံထဲမှာ ကက်ပရီယိုရဲ့ စာနာမှု၊ နားလည်မှုများနဲ့ တရားစီရင်ဆုံးဖြတ်ပုံတွေကြောင့် ကမ္ဘာမှာ ထင်ရှားခဲ့တာဖြစ်ပါတယ်။ 

တရားခွင်မှတ်တမ်းတွေကို ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး ဒီအစီအစဉ်ဟာ နောက်ပိုင်း လူမှုကွန်ရက်ကနေ ကမ္ဘာအထိ နာမည်ကြီး ကျော်ကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ကက်ပရီယိုဟာ ပန်ကရိယကင်ဆာ ကုသမှုခံယူခဲ့ရပါတယ်။

Ref: BBC

……………………………………..

မက္ကဆီကိုတွင် ခေါင်းပြတ် ၆ လုံး တွေ့

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ တလက်စ်ကာလာပြည်နယ်က အဝေးပြေးလမ်းမတလျှောက်မှာ သြဂုတ် ၁၉ ရက်နေ့က အမျိုးသားခေါင်း ၆ လုံးကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လက်မှတ်ထိုး ခြိမ်းခြောက်စာတွေပါတဲ့ နဖူးစည်းစာတန်းတွေနဲ့အတူ အရေခွံခွာထားတဲ့ လက္ခဏာတွေပါတဲ့ ခေါင်းပြတ်တွေကို တွေ့ရှိခဲ့တာပါ။

မှုခင်းဆေးပညာအဖွဲ့တွေက DNA ကနေတဆင့် သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်တဲ့ နဖူးစည်းစာတန်းနဲ့ ပက်သက်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

Ref: CNN

……………………………………..

အမေရိကန် အိမ်ဖြူတော်က Tik Tok ကို စတင်သုံးစွဲ

အမေရိကန်ပြည်ထောင်စု သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်က သြဂုတ် ၁၉ ရက်မှာ တရားဝင် TikTok အကောင့်ကို ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံတော်လုံခြုံရေးအတွက် တရုတ်အခြေစိုက် Tik Tok ကို အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အချိန် အိမ်ဖြူတော်က စတင်အသုံးပြုလာတာပါ။

@whitehouse အကောင့်ဟာ သမ္မတရဲ့ မူဝါဒတွေကို ဆက်သွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့တာလို အာဏာပိုင်တစ်ဦးက ပြောပါတယ်။

အစိုးရက အမေရိကန်ပြည်သူတွေအတွက် သမ္မတ ထရမ့်ပ် လုပ်ပေးနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ဆိုရှယ်ပလက်ဖောင်းတွေကနေ လူထုကို ဆက်သွယ်ပေးပို့ဖို့ ကတိပြုထားပါလို့ ကြေညာခဲ့ပါတယ်။

ဒါကြောင့် အရင်အစိုးရတွေတုန်းက မလုပ်ခဲ့ဖူးတဲ့ နည်းလမ်းနဲ့ ဆက်သွယ်ပေးမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ရှိပါတယ်။

Ref: REUTERS

……………………………………..

ဂျပန်မီးလောင်မှု မီးသတ်သမား နှစ်ဦး သေဆုံး

ဂျပန်နိုင်ငံ ဆိပ်ကမ်းမြို့ကြီးတမြို့ဖြစ်တဲ့ အိုဆာကာမြို့မှာ ဒိုတွန်းဘိုးရိ ဖျော်ဖြေရေးနဲ့ ဈေးဝယ်နယ်မြေထဲ သြဂုတ် ၁၈ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် မီးသတ်သမား ၂ ဦး သေဆုံးပြီး အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။

အထပ် ၇ ထပ် အဆောက်အဦမှာ မနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပထမထပ်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောက်အဦတခုလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ရင်း အဆောက်အဦရဲ့ အထပ်မြင့်ထဲမှာ ပိတ်မိပြီးတော့ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Ref: NHK

……………………………………..

မလေးရှားတွင် အသက် ၉၁ နှစ်အရွယ် အဘိုးအိုတစ်ဦး နှစ်နာရီးနီးပါးအကြာ မာရသွန်ပြိုင်ပွဲ ပန်းဝင်

အသက် ၉၁ နှစ်အရွယ် အဘိုးအို အုန်ကင်ဟွာက ဩဂုတ်လ ၁၇ ရက်နေ့က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Petaling Jaya Half Marathon ပြိုင်ပွဲရဲ့ ၁၀ ကီလိုမီတာ အသက်ကြီးပြိုင်ပွဲ အမျိုးအစားမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဘိုးက ပြိုင်ပွဲမှာ ၁ နာရီနဲ့ ၄၆ မိနစ်အတွင်း အပြေးပြိုင်နိုင်ခဲ့ပြီး ပန်းဝင်ခဲ့တာပါ။

အသက် ၅၅ နှစ်နဲ့ အထက်ယှဉ်ပြိုင်ရတဲ့ အသက်ကြီးပြိုင်ပွဲအမျိုးအစားမှာ ပါဝင်ယှဉ်ပြိုင်သူ ၁၂၇ ဦးရှိခဲ့ပြီး နံပါတ် ၁၁၈ နေရာရခဲ့ပါတယ်။ 

ပြိုင်ပွဲတစ်ခုလုံးဆိုရင်တော့ ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၄၂၂ ဦးရှိခဲ့ပြီး အဲ့ဒီအထဲမှာ အဘိုးက နံပါတ် ၁၂၉၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref: mothership

……………………………………..