BREAKING
October 19, 2025

သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာတွင် စစ်အာဏာရှင်တပ်က နေအိမ်များကိုမီးရှို့ 

August 22, 2025

ပုံစာ - မိုးရွှေကုန်းရွာတစ်နေရာ။(ပုံဟောင်း)

သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာတွင် ယနေ့(ဩဂုတ် ၂၂) နံ နက်ပိုင်းက စစ်အာဏာရှင်တပ်စစ်ကြောင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံအချို့က ပြောသည်။ 

ယနေ့နံနက်တွင် လက်နက်ကြီး လက်နက်ငယ်များ တစ်ဖက်သတ်ပစ်ခတ်နေပြီး တစ်နာရီခန့်အကြာတွင် မိုးရွှေကုန်းရွာဘက်မှ မီးခိုးလုံးများတက်လာသည်ဟု ၎င်းတို့က ပြောသည်။

“ကျွန်မတို့ရွာကလူတွေ တောစပ်ကနေ မိုးရွှေကုန်းရွာဘက်ကိုလှမ်းကြည့်တာ သူ့အိမ်ပါ ငါ့အိမ်ပါဆိုပြီးပြောနေကြတယ်၊ အိမ်အရေတွက်ဘယ်လောက်ပါသွားပြီလဲ ဆိုတာတော့မသိဘူးပေါ့၊ မီးခိုးလုံးတွေတော့ တက်လာနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရွာသားများထွက်ပြေးတိမ်းရှောင်နေရသလို စစ်အာဏာရှင်တပ်ကလည်းရွာထဲတွင် ဆက်ရှိနေသေးသဖြင့် မီးလောင်သည့် အိမ်အရေအတွက်ကို တိတိကျကျမသိနိုင်သေးဟု မိုးရွှေကုန်းရွာအနီးက ဒေသခံအမျိုးသမီးနောက်တစ်ဦးက ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၁၅ ရက်တည်းက သရက်ချောင်းမြို့နယ် ဥတ္တူရွာ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျားကျေးရွာများကို စစ်ကြောင်းနှစ်ကြောင်း ဖြန့်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းနေ့တွင်ပင် ကျောက်လှေကားရွာဘက်ကိုထွက်လာသည့် စစ်ကြောင်းမှာ PDF ပူးပေါင်းတပ်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၁၉ ရက်ကလည်း မနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီခန့်အထိ စော်ဖျားရွာနှင့်မိုးရွှေကုန်းရွာစပ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး အဖွဲ့များထံမှသိရသည်။

ဩဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာဘက်ကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်လာကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့က ထားဝယ်-မြိတ်သွားကားလမ်းပေါ်မှ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် စစ်အာဏာရှင်တပ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ပြန်လည်တပ်စွဲလိုက်သည်။

ယင်းနောက် တံတားအနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်အာဏာရှင်တပ်က လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။