BREAKING
October 19, 2025

မျှင်ငါးပိ ရှားပါးချိန်ဖြစ်သော်လည်း ဈေးကောင်းမရ

August 22, 2025

မြိတ်ကျွန်းစု ဒေသထွက်ကုန်တစ်ခုဖြစ်သည့် မျှင်ငါးပိရှားပါးချိန်ဖြစ်သော်လည်း ဈေးကောင်းမရဘဲ ငြိမ်နေသည့်အတွက် ငါးပိလုပ်သူများ အခက်တွေ့နေကြောင်း ငါးပိလုပ်သူများနှင့် ကုန်သည်အချို့ထံမှ သိရသည်။

မိုးရာသီ နေရောင်ခြည်ကောင်းစွာမရရှိသည့်အတွက် မျှင်ငါးပိလုပ်ရန် အခက်အခဲရှိနေပြီး ရှားပါးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထိုသို့ ရှားပါးနေချိန်တွင် ဈေးတက်လေ့ရှိသော်လည်း တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် တိုင်းအတွင်းရှိ အခြားမြို့များနှင့်တိုင်းပြင်ပသို့ ပို့ဆောင်ရန် အခက်အခဲရှိသည့်အတွက် ဈေးကောင်းမရဘဲ ဖြစ်နေကြောင်း ကုန်သည်အချို့ထံမှ သိရသည်။

လက်ရှိတွင် မျှင်ငါးပိတစ်ပိဿာလျှင် အမျိုးအစားအပေါ်မူတည်ကာ ငွေကျပ် ငါးထောင် မှ ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းက တစ်နှစ်ထက် တစ်နှစ်မြင့်တက်နေချိန်တွင် မျှင်ငါးပိဈေးက ငြိမ်နေသည့်အတွက် အခက်တွေ့နေကြေကြာင်း ငါးပိလုပ်သူအချို့ ဆိုသည်။

“ဒီနှစ်ဆို နှစ်အစကတည်းက လမ်းတွေခဏခဏပိတ်တယ်လေ။ ‌ကုန်ဈေးနူန်းတွေကလည်း အဆမတန်တက်နေတာ ငါးပိဈေးကျတော့ တက်မလာဘူး။ဒီကြားထဲ အရောင်းအဝယ်လည်းပါးတယ်” ဟုငါးပိလုပ်နေသည့် ကျွန်းစု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးရာသီဖြစ်သည့်အတွက် ငါးပိကုန်ကြမ်းရှားပါးနေသည့်အပြင် ငါးပိလုပ်ရန်နေရောင်ခြည် မရသဖြင့် ငါးပိအထွက်နည်းသည့် ကာလဖြစ်ကြောင်း ကျွန်းမြို့နယ်နေ ငါးပိလုပ်နေသည့် ဒေသခံနောက်တစ်ဦးက ဆိုသည်။

“မိုးရာသီမှာက ဂွေး(မျှင်ကောင်)တွေလည်း သိပ်မရဘူး။ရေကြမ်းတော့ ဖမ်းမရဘူး။ အမှိုက်သရိုက်တွေ ပါတာများတယ်။ရာသီဥတုကလည်း ‌မမှန်တော့ ငါးပိအနံ့ပြင်းတာတွေဖြစ်တယ်။ဒါကြောင့် ဘယ်သူမှ ဒီရာသီတွေမှာ ငါးပိသိပ်မလုပ်ကြဘူး”ဟု ၎င်းက ပြောသည်။

ထိုအခြေအနေတွင် တိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသဖြင့် ဒေသတွင်း ရောင်းချမှုသာရှိပြီး တိုင်းပြင်ပရှိ မြို့ကြီးများကိုတင်ပို့မှုပမာဏက ယမန်နှစ်ထက် နည်းသွားကြောင်း မြိတ်မြို့ရှိ ငါးပိကုန်သည်တစ်ဦးက ဆိုသည်။

“ဒေသထွက်ကုန်တွေက တခြားဒေသတွေကိုပို့နိုင်မှ ဈေးကောင်းရကြတယ်လေ။ အခုက လမ်းအခြေအနေတွေက သိတဲ့အတိုင်းပဲ။ ဖောက်သည်တွေကမှာကြရင်တောင် ကျွန်မတို့ ကားမတင်ပေးရဲဘူး။ ဒေသတွင်းရောင်းအားလောက်နဲ့ ဈေးမကောင်းဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။

မြိတ်‌ကျွန်းစုဒေသထွက် မျှင်ငါးပိမှာ စားသုံးသူအကြိုက်များသည့်အတွက် နာမည်ကြီးသည်။