BREAKING
October 19, 2025

သက်ဆင်ကို တော်ဝင်ဥပဒေဖြင့် တရားစွဲထားမှု ထိုင်းတရားရုံး ပယ်ချ

August 22, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အား တောင်ဝင်ဥပဒေပုဒ်မ ၁၁၂ ဖြင့် တရားစွဲထားသောအမှုကို ထိုင်းတရားရုံးက ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ပယ်ချပြီး သက်ဆင်ကို တရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

၂၀၁၅ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံတွင် ဖြေကြားခဲ့သော အင်တာဗျူးတစ်ခုတွင် တော်ဝင်မျိုးနွယ်ကို ထိခိုက် စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တော်ဝင်ဥပဒေပုဒ်မ ၁၁၂ နှင့်အတူ ကွန်ပျူတာဆိုင်ရာပြစ်မှုဥပဒေများဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး အာမခံဖြင့် လွတ်မြောက်နေခြင်းဖြစ်သည်။

သက်သေအထောက်အထား မခိုင်လုံခြင်းနှင့် တော်ဝင်မျိုးနွယ်အား စော်ကားမှုကို မတွေ့ရဟုဆိုကာ ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် တရားရုံးက အမှုကို ပယ်ချလိုက်သည်။

ယ‌နေ့ တရားရုံးတွင် ပြင်ပလူများ မဝင်ရောက်စေဘဲ အမှုကို ကြားနာခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၁ ရက်ကလည်း ရာထူး ဆိုင်းငံ့ခံထားရသော ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုနှင့် ပတ်သက်၍ ဥပဒေခုံရုံးတွင် ကြားနာမှုပြုလုပ်ထားပြီး ဩဂုတ်လ ၂၉ ရက်တွင် အမိန့်ချမည်ဖြစ်သည်။

Ref: The Nation Thailand, Khaosod