ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ မိုင် ၆၀ ၊ သာယာမွန်နှင့် မရမ်းချောင်းရွာ များဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ရွာသားများ ရွှေ့ပြောင်းနေကြကြောင်း ယင်းရွာသားများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်စခန်းဌာနချုပ်ဘက်က မရမ်းချောင်းရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေး-ထားဝယ် ကားလမ်းမနံဘေးရှိ နေရာများတွင် ကျရောက်ပေါက်ကွဲကြောင်း မရမ်းချောင်းရွာသား တစ်ဦးက ပြောသည်။
ဓာတ်မီးတိုင်များတွင်လည်း ဝါယာကြိုးများ ပြတ်တောက်သွားသဖြင့် လတ်တလော လျှပ်စစ်ပြတ်တောက်နေကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာများဘက်သို့ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။
နတ်အိမ်တောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်မှ ၁၅ ရက်အတွင်း၌လည်း အထက်ဖော်ပြပါ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေမှုကြောင့် ရွာသားများ ရွှေ့ပြောင်းနေကြကြောင်း မရမ်းချောင်းရွာသားတစ်ဦးက ဆိုသည်။
“အခုက မရမ်းချောင်းနဲ့ မိုင်၆၀ကို (လက်နက်ကြီး) ထုနေတာ များတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ ရွာပျက်တော့မယ်။ လူတွေ (ရွာသားတွေ) မရှိတော့ဘူး။ ကျွန်တော်တို့လည်း ရှောင်နေတယ်။ ရွာမှာ သုံးပုံတစ်ပုံ လောက်ပဲကျန်တယ်။ မိုင် ၆၀ ကတော့ မရမ်းချောင်းလောက် မဆိုးဘူး။ ရှောင်တာတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နေ့လယ်ပိုင်း မောရဝတီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရေး-ထားဝယ် ကားလမ်းပေါ် သွားလာနေသည့် ကားတစ်စီးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ ရသည့် ကားသမားတစ်ဦးက ပြောဆိုသည် ။
“ကားဘေးကို ကျတာ။ ကျတာနဲ့ ကားလည်း တန်းရပ်ပြီးခဏနေမှ ထွက်သွားတာ။ သွားနေ လာနေရတာ အရမ်း အန္တရာယ်များတယ်” ဟု ၎င်းက ပြောသည်။
ရေး-ထားဝယ် ကားလမ်း ကလိန်အောင်အပိုင်းတွင် တော်လှန်ရေးအင်အားစုများ ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှု မရှိသလို နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းလည်း မရှိဘဲ စစ်ကောင်စီတပ်က ရပ်ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ယင်းလမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားလေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း ၃ စစ်ကြောင်းမှူးက ပြောသည်။
ဇူလိုင်လ ၈ရက်ကလည်း ကလိန်အောင် အခြေစိုက် စစ်ကောင်စီ ခလရ ၂၈၂ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် မရမ်းချောင်းရွာအနီး ကော့လှိုင်ရွာက ဥယျာဉ်ခြံတစ်ခုတွင် ကျရောက်ပေါက်ကွဲကာ ကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး သေဆုံးပြီး တစ်ဦး လက်တစ်ဖက် ဆုံးရှုံးခဲ့ရသေးသည် ။
ရေး-ထားဝယ် ကားလမ်းဘေးရှိ အထက်ပါ ကျေးရွာများ၌ ရော်ဘာခြံ၊ ကွမ်းခြံ စသည့် ဥယျာဉ်ခြံများတွင် စစ်ကောင်စီ၏ လက်နက်ကြီး အကြွင်းအကျန်များ ကျန်ရှိနေသဖြင့် ပြီးခဲ့သည့် ဇွန်လကတည်းက ဥယျာဉ်ခြံသို့ မသွားရသဖြင့် ခြံအချို့ လုပ်ငန်းများ ရပ်နားထားရကြောင်း ဥယျာဉ်ခြံရှင်များထံမှ သိရသည်။