မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် အမ်ဘျူမိုဟာ ဘရန့်ဖို့ဒ်မှာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကိုပဲ မန်ယူမှာလည်း ဆက်ခံရယူလိုက်တယ်လို့ Daily Mail က ရေးသားထားပါတယ်။
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘျူမိုကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း (အပိုဆုကြေး ပေါင် ၆ သန်း အပါအဝင် စုစုပေါင်း ပေါင် ၇၁ သန်း) နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။
အမ်ဘျူမိုဟာ မန်ယူနဲ့ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်ကို နှစ်သက်သဘောကျခဲ့ရင် အသင်းဘက်က စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လ ထပ်တိုးခွင့် ရှိတယ်လို့လည်း မန်ယူက သဘောတူညီမှု ရယူထားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့လတုန်း ဝုလ်ဗာဟန်တန်ကစားသမား ကွန်ညာကို ပေါင် ၆၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက် အဓိက,ကစားသမားခေါ်ယူမှုကို ဆောင်ရွက်လိုက်နိုင်တာဖြစ်ပြီး အသင်းအနေနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက် ထပ်ခေါ်ဖို့ ရှိနေသေးကြောင်း မန်ယူနည်းပြ အေမိုရင် က ပြောကြားထားပါတယ်။
အသက် ၂၅ နှစ်အရွယ် အမ်ဘျူမိုဟာ သူ့ကို ခေါ်ယူဖို့အတွက် စပါး၊ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ဆီက ကမ်းလှမ်းဆက်သွယ်မှုတွေ ရရှိခဲ့ပေမယ့် မန်ယူဆီကိုပဲ ပြောင်းရွှေ့ခွင့်ရချင်တယ်လို့ ဘရန့်ဖို့ဒ်အသင်းတာဝန်ရှိသူတွေကို အသိပေးကာ အဆုံးသတ်မှာတော့ အခုလိုမျိုး မန်ယူဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ကင်မရွန်းတိုက်စစ်မှူး အမ်ဘျူမိုဟာ အမေရိကန်ပြည်ထောင်စုဆီကို သွားရောက်မယ့် မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ ပူးပေါင်းပါဝင် လိုက်ပါသွားဖို့ရှိနေပြီး လာမယ့်တနင်္ဂနွေနေ့ကိုရောက်ရင် ယှဉ်ပြိုင်ရမယ့် ဝက်စ်ဟမ်းနဲ့ခြေစမ်းပွဲမှာ မန်ယူအတွက် အမ်ဘျူမို ပါဝင်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
အမ်ဘျူမိုရဲ့ ကျောနံပါတ်အသစ်ရယူမှုသတင်းကို မျှဝေချိန်မှာ မန်ယူအသင်းက အသင်းရဲ့လူမှုကွန်ရက် မီဒီယာတွေဆီ အမ်ဘျူမိုရဲ့ ကျောဘက်ပုံကို တင်ပြီး “ကလပ်အသစ်၊ နံပါတ်ဟောင်း” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အမ်ဘျူမိုဟာ ဘရန့်ဖို့ဒ်အသင်းမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားခဲ့ပြီး ဘရန့်ဖို့ဒ်ကို မပြောင်းရွှေ့ခင် ထရိုယက်စ်အသင်းမှာ ကစားတုန်းကလည်း အဲဒီနံပါတ်ကိုပဲ ရယူဝတ်ဆင်ခဲ့ဖူးပါတယ်။
ဒီကျောနံပါတ်ဟာ မန်ယူအသင်းရဲ့ခမ်းနားကြီးကျယ်တဲ့ ကျောနံပါတ်တစ်ခုဖြစ်ပြီး တိုက်စစ်မှူး ဒွိုင်ယော့ခ်အလွန်မှာ ဗာရန်းနဲ့ ဝဲလ်ဘက်ခ် တို့က ဒီကျောနံပါတ်ကို ရယူဝတ်ဆင်ခဲ့ဖူးပါတယ်။ ရတ်ရှ်ဖို့ဒ်နဲ့ အာမက် တို့ဟာလည်း အသင်းကြီးအဆင့်ဆီကို စတင်တက်လှမ်း ရောက်ရှိလာချိန်မှာ ဒီကျောနံပါတ်ကို ဝတ်ဆင်ကစားခဲ့ကြပါတယ်။
အမ်ဘျူမို ဟာ ဂျမ်ဘာ-ဂျမ်ဘာ နောက်ပိုင်း မန်ယူမှာ ကစားခွင့်ရမယ့် ဒုတိယမြောက် ကင်မရွန်းကစားသမား ဖြစ်လာပါတယ်။ ဂျမ်ဘာ-ဂျမ်ဘာ ဟာလည်း မန်ယူဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်က ကျောနံပါတ် ၁၉ ကိုပဲ ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။







