ချစ်သူမိန်းကလေးကို သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံသား အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် Zhang Yiyang ကို သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNA သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြသည်။
မိမိ၏ ချစ်သူမိန်းကလေးအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်ဆိုပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းအား သေနတ်ပစ်အဖွဲ့ဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံးက ဖော်ပြသည်။
ယင်းကြောင့် Zhang သည် သေဒဏ်စီရင်ခံရသည့် ပထမဆုံး တရုတ်အနုပညာရှင် ဖြစ်သည်။
တရုတ်အနုပညာကြယ်ပွင့် Zhang သည် The Soul Of The Dragon ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး I Only Care About People Who Care About Me နှင့် Crying Man စသည့် သီချင်းများကို သီဆိုခဲ့သူ ဖြစ်သည်။
Zhang နှင့် အသက် ၁၆ နှစ်အရွယ် ၎င်း၏ ချစ်သူမိန်းကလေးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင် ချစ်ကြိုက်ခဲ့ကြသည်။
နောက်ပိုင်းတွင် သူမက လမ်းခွဲပြတ်စဲလိုကြောင်း မကြာခဏ ပြောလာဆိုလာပြီး ယင်းသို့ Zhang က သတ်သေမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်တွင် ထိုအချိန်က အသက် ၃၀အရွယ်ရှိသည့် Zhang က ၎င်း၏ မွေးနေ့ကို အတူ ဖြတ်သန်း လိုသည်ဟုဆိုကာ ချစ်သူမိန်းကလေးအား Xingping မြို့မှ တောအုပ်တစ်ခုဆီ ဖြားယောင်းခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ထိုနေ့တွင် သူမက လမ်းခွဲပြတ်စဲမည့်အကြောင်း ထပ်မံပြောဆိုလာချိန်တွင် Zhang က ဒေါသထွက်ကာ မိန်းကလေး၏ လည်ပင်းကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့၍ ချစ်သူမိန်းကလေး သေဆုံးခဲ့သည်။
ယင်းနောက် Zhang သည် အိမ်ပြန်လာခဲ့ကာ မိန်းကလေး၏ ဖုန်းအား ရေကန်တစ်ခုထဲသို့ လွှင့်ပစ်ခဲ့သည်။
နောက်တစ်ရက်တွင် Zhang သည် Xingping မြို့ရှိ ဟိုတယ်အခန်းတစ်ခုတွင် အဆိုပါ ဓားဖြင့်ပင် သေကြောင်းကြံသည်ကို ဟိုတယ်ဝန်ထမ်းတစ်ဦးက တွေ့ရှိရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
နောက်ပိုင်းတွင် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် Zhang အား တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။
Zhang ၏ အယူခံ ပယ်ချခံရပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ၎င်းအား သေဒဏ်စီရင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ Zhang သည် စိတ်ပိုင်းဆိုင်ရာ သံသယလွန်ကဲသည့် ဝေဒနာခံစားနေရသူဖြစ်ပြီး အခြားသူများကို ထိန်းချုပ်လိုစိတ် လွန်ကဲနေကြောင်း ဆိုသည်။
Source: CNA