BREAKING
October 19, 2025

မြိတ် ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေ နစ်မြုပ်ပြီး ငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး

July 22, 2025

ပုံစာ - ရေနစ်သေဆုံးသည့် ရုပ်အလောင်းများအား ဇူလိုင် ၂၁ ရက်ညက ပြည်တော်သာတံတားမှ သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - မြို့ခံတစ်ဦး။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ရွာအနီး ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေတစ်စီး နစ်မြုပ်ပြီး လှေလုပ်သား အမျိုးသားငါးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။

ငါးသယ်လှေ (ဝါလတ်လှေအကြီးမှ ငါးပြန်သယ်သည့်လှေငယ်) တစ်စီးသည် မြိတ်ပင်လယ်ပြင်တွင် ဇူလိုင်လ ၁၉ ရက်က နစ်မြုပ်ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

အမျိုးသားငါးဦး၏ ရုပ်အလောင်းမှာ ဇူလိုင်လ ၂၀ရက်တွင် ပြန်လည်ဆယ်ယူရရှိပြီး မြိတ်မြို့ ၊ ဆိပ်ငယ်ရပ်၊ ပြည်တော်သာ ဘောတံတားသို့ ဇူလိုင်လ ၂၁ ရက် ညတွင် ရောက်ရှိလာကြောင်း သေဆုံးသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“လှေမြုပ်ပြီး နောက်တစ်နေ့မှာ အလောင်းတွေပြန်ရတယ်။ အလောင်းတွေကို ရေခဲရိုက်ပြီး အခြားလှေအကူအညီနဲ့ သယ်လာပြီး မြိတ်က ပရဟိတအသင်းတွေကနေတစ်ဆင့် ဆေးရုံကို ရင်ခွဲဖို့ ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

လှေသည် လှိုင်းဒဏ်နှင့် စက်ချို့ယွင်း၍ နစ်မြုပ်သည်ဟု ကြားသိရကြောင်း အထက်ပါမိသားစုဝင်က ပြောဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းများကို မြိတ်အခြေစိုက် ပရဟိတအသင်းများက လှေဖြင့် ရေလမ်းတစ်ဝက်တွင် သွားရောက် သယ်ဆောင်ပေးခဲ့ပြီး မြိတ်မြို့ရှိ တပ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သွားရောက်ကူညီပေးရာတွင် ပါဝင်သည့် မြို့ခံတစ်ဦးက ဆိုသည် ။

“သူတို့က ရေခဲရိုက်ပြီး သယ်လာတယ်။ ကျွန်တော်တို့ ကလမ်းတစ်ဝက်ကနေသွားသယ်ပြီး ဆေးရုံကို ပို့ပေးတာလောက် ပါပဲ။ ရုပ်အလောင်းတချို့က ခေါင်းမှာထိထားတာရှိတယ်။ လက်ပြတ်နေတာရှိတယ်။ လှေပန်ကာရွက်နဲ့ ထိခိုက်ထားကြတာ ထင်တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူများသည် အသက် ၂၀ မှ ၅၀ ဝန်းကျင်ကြားရှိ မြိတ်ဒေသခံ လှေလုပ်သားများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ အဆောင်ကောင်းကုမ္ပဏီ ပတ်ဝန်းကျင်ရှိ တံတားတစ်ခု အနီးတွင် လှေဖြင့် ရှပ်(ဂုံး)ရှာသွားသူများ လှေမြုပ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။