လောင်းလုံးတွင် စစ်ကောင်စီတပ်မှ ပစ်သည့် လက်နက်ကြီးကျည်ဆန်မှာ သားအဖနှစ်ဦးကို ထိမှန်ပြီး အဖေသေဆုံးကာ၊ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါလက်နက်ကြီးသည် ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးနှင့် အကောက်အခွန်ရုံးတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ယနေဇူလိုင်လ ၂၂ ရက်နေ့ နေလယ် ၁၁ နာရီခွဲခန့်တွင် လောင်းလုံးမြို့ဘက်သို့ ပစ်ခတ်ရာ လောင်းလုံးမြို့နယ် ၊သဗျာကျေးရွာအုပ်စု ၊ပန်းတောပြင် ကျေးရွာရှိ နေအိမ်တစ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယင်းကျည်စထိမှန်၍ အသက် ၆၀ ကျော်အရွယ် ဦးဉာဏ်စော သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ်ရှိ သမီးဖြစ်သူ မမေယု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အဖေက အပြင်မှာထိုင်နေတယ်။ သူ့ သမီးက အိမ်ထဲမှာ ၊လက်နက်ကြီးက သူ့အဖေ ထိုင်တဲ့နေရာ တည့်တည့်ကျတာ အောက်ပိုင်းတစ်ပိုင်းလုံးကြေသွားတယ်။ ဆယ်မိနစ်လောက် ကယ်ပါ ကယ်ပါလို့ အော်နေသေးတယ်။ နောက်ပြီးမှ ဆုံးသွားတာ သမီးကတော့ လည်ပင်းမှ အစစင်တယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကပြောသည်။
“ခရီးသွားပြည်သူတွေ သာမန်အတိုင်းပဲ သွားလာနေချိန်ပစ်တာ၊ တိုက်ပွဲဖြစ်လို့ ပစ်ကူပေးနေသလိုမျိုးပစ်တာ၊ လူအများနေတဲ့ရွာထဲကိုပစ်တာ ဒီနေ့ လောင်းလုံးမြို့နယ်မှာ ကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့တွေ တိုက်ပွဲဖော်ဆောင်တာမျိုးမရှိခဲ့ဘူး”ဟု ကိုရှဲဒိုးက ပြောသည်။
စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီး လေးလုံးခန့်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်နက်ကြီးကျရောက်သည့် နေအိမ်၏အပေါ်ပိုင်းမှာ လုံးဝပျက်စီးကာ ဘေးပတ်ဝန်းကျင်ရှိ နေအိမ်အချို့မှာလည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။