BREAKING
November 19, 2025

ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးစွဲမှုကို ပြုပြင်ပြောင်းလဲရန် မလေးရှား တိုက်တွန်း

July 22, 2025

ပုံစာ - ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကို ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာသုံးစွဲမှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မလေးရှားအစိုးရက အဆိုပြုလျက်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ဂါဇာအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲအများစုဖြင့် အတည်ပြုခဲ့သော်လည်း ယင်းတို့အား အကောင်အထည်ဖော်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအသုံးပြုမှုကြောင့် မကြာခဏ နှောင့်နှေးကြန့်ကြာနေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင် တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး ယင်းအဖွဲ့များက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းများ လုပ်ဆောင်နိုင်သည်။

“ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာတောင်မှ ကံမကောင်းစွာနဲ့ပဲ ဒီဗီတိုအာဏာကို သုံးခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီဗီတိုအာဏာအသုံးပြုတာကို စစ်ဆေးပြုပြင်ပြီး ပြောင်းလဲဖို့ ကျွန်တော်တို့က အဆိုပြုနေတာပါ” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ASEAN-GCC ထိပ်သီးအစည်းအဝေးတွင် ဂါဇာအရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက်တစ်ရပ်ကို ပထမဆုံး ထုတ်ပြန်နိုင်ခဲ့ပြီး ယင်းမှာ မလေးရှားအစိုးရ၏ သံတမန်ရေး အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

“အရင်တုန်းကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ဖို့ဆိုတာ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို အောင်မြင်အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂါဇာပြည်သူတွေအရေး ဆွေးနွေးဖို့ ဂျပန် ၊ တောင်ကိုရီးယားတို့နဲ့ ပူးတွဲကွန်ဖရင့်တစ်ခု ကျင်းပနိုင်ခဲ့တာ အပါအဝင်ပေါ့” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။

လက်ရှိတွင် မလေးရှားအစိုးရသည် ၎င်း၏ ဂါဇာအရေး ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်တွင် ပြသရန် စိတ်တူကိုယ်တူ နိုင်ငံများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Bernama