ကမ္ဘာကြီးရဲ့ ခေါင်မိုးပေါ်မှာ မြစ်ဖျားခံပြီး ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ထဲကို စီးဝင်သွားတဲ့ မြစ်တစ်စင်းပေါ်မှာ ကမ္ဘာ့အကြီးဆုံးဆည်တစ်ခုကို တရုတ်အစိုးရက စတင်တည်ဆောက်လိုက်ပါပြီ။
တရုတ်လူမျိုးတွေက ဒီမြစ်ကို ‘ယာလန်းစန်ပိုမြစ်’ လို့ ခေါ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ‘ယမုန်နာမြစ်’ လို့ ခေါ်ပါတယ်။ ‘ဗြဟ္မပုတ္တရမြစ်’ဆိုတာကတော့ အိန္ဒိယသားတွေ ပေးထားတဲ့ နာမည်ပါ။
‘ကမ္ဘာ့ခေါင်မိုး’လို့ တင်စားခံရတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်ကနေ မြစ်ဖျားခံလာတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အိန္ဒိယနိုင်ငံ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆက်လက်စီးဆင်းနေပါတယ်။ ဗြဟ္မပုတ္တရမြစ်ရေစီးရဲ့ ကီလိုမီတာ ၃၀၀၀ ခရီးဟာ ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ အဆုံးသတ်ပါတယ်။
ဒါပေမဲ့ ဒီမြစ်ရေစီးကို ပိတ်ဆို့ကန့်သတ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ သယ်ဆောင်လာမယ့် တရုတ်အစိုးရရဲ့ စီမံကိန်းဟာ ဒီမြစ်ရဲ့ တစ်နေရာမှာ မွေးဖွားလာခဲ့ပါပြီ။
ကမ္ဘာ့အကြီးမားဆုံး အခြေခံအဆောက်အအုံစီမံကိန်း
ဗြဟ္မပုတ္တရမြစ်ပေါ်မှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်း စတင်လိုက်ပြီဆိုတဲ့အကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ဇူလိုင်လ ၁၉ ရက်နေ့မှာ ကမ္ဘာသိ ကြေညာလိုက်ပါတယ်။ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ငြင်ချိစီရင်စု ၊ မဲဒေါ့ကောင်တီမှာ တည်ဆောက်မယ့် မဲဒေါ့ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းပဲ ဖြစ်ပါတယ်။
ခန့်မှန်းခြေ တရုတ်ယွမ်ငွေ ၁ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၈ ဘီလီယံ) ကုန်ကျမယ့် ဒီစီမံကိန်းဟာ လက်ရှိတရုတ်ပြည်က လျှိုမြောင် ၃ သွယ်ဆည် (Three Gorges dam) ရဲ့ စံချိန်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံးဆည် ဖြစ်လာပါတော့မယ်။
ရေအားလျှပ်စစ်စက်ရုံငါးခု ထည့်သွင်းတည်ဆောက်သွားမယ့် မဲဒေါ့ဆည်စီမံကိန်းကနေ တစ်နှစ်မှာ လျှပ်စစ်ဓာတ်အားပမာဏ ကီလိုဝပ် ၃၀၀ ဘီလီယံအထိ ထုတ်လုပ်ပေးသွားနိုင်ဖို့ တရုတ်အစိုးရက မျှော်မှန်းထားပါတယ်။
ဒီပမာဏဟာ လက်ရှိ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ တရုတ်နိုင်ငံ ၊ ယန်စီမြစ်ပေါ်က လျှိုမြောင် ၃ သွယ်ဆည်ကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားပမာဏထက် ၃ ဆပိုများပါတယ်။
မဲဒေါ့ဆည်ကနေ ထုတ်လုပ်ပေးမယ့် လျှပ်စစ်ဓာတ်အားပမာဏဟာ လူသန်းပေါင်း ၃၀၀ ကျော်အတွက် နှစ်စဉ်လျှပ်စစ်လိုအပ်ချက်ကို ကာမိစေဖို့ လုံလောက်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။
ဒီစီမံကိန်းကနေ ရရှိမယ့် လျှပ်စစ်ဓာတ်အား ပမာဏအများစုကို စီမံကိန်းတည်နေရာပြင်ပက တရုတ်ပြည်ရဲ့ အခြားနေရာတွေကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး တိဘက်ဒေသရဲ့ လျှပ်စစ်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးသွားမယ်လို့ ဝန်ကြီးချုပ်လီချန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်အစိုးရက ဒီစီမံကိန်းကို အတည်ပြုလိုက်ချိန်ကတည်းက ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုနဲ့ ဝေဖန်မှုတွေ မြင့်တက်လာနေခဲ့ပါတယ်။
အငြင်းပွားဖွယ် ဆည်စီမံကိန်း
ရည်မှန်းချက်ကြီးမားလှတဲ့ တရုတ်ရဲ့ ဒီစီမံကိန်းကြောင့် ဗြဟ္မပုတ္တရမြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပိုမျက်ခုံးလှုပ်လာပါတယ်။ မဲဒေါ့ဆည်စီမံကိန်းတည်နေရာဟာ တိဘက်လူမျိုးတွေက သူတို့ရဲ့ အထွတ်အမြတ် နေရာ ၊ ဇီဝစုံလင်ကြွယ်ဝတဲ့ ဘူမိနက်သန်အဖြစ် ယူဆထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
အိန္ဒိယအခြေစိုက် Tibet Policy Institute က ရာသီဥတုဆိုင်ရာသုတေသီ Dechen Palmo က ဒီစီမံကိန်းကြောင့် တိဘက်လူမျိုးတွေ အိုးအိမ်စွန့်ခွာရနိုင်ပြီး ရှေးဟောင်းတိဘက်ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရတာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းတုန်းက ဒရစ်ချုမြစ်ပေါ်မှာ တရုတ်အစိုးရက ဆောက်လုပ်မယ့် ကမ်တွတ်ဆည်စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် တိဘက်လူမျိုး ၁၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
မဲဒေါ့ဆည်စီမံကိန်းကြောင့် သိသာကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုအသေးစိတ်တွေကို တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ နောက်ဆက်တွဲသက်ရောက်မှု အသေးစိတ်တွေကို တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့်အရေး ၊ ဗြဟ္မပုတ္တရမြစ်အောက်ပိုင်းနိုင်ငံတွေမှာ မြစ်ရေရရှိမှု ပမာဏနဲ့ အရည်အသွေး ကျဆင်းလာမယ့်အရေး ၊ စီမံကိန်းကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာရမယ့်အရေး စတဲ့ စိုးရိမ်ပူပန်မှုတွေကို အိန္ဒိယအစိုးရ ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိဘက်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုလျက်ရှိပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့မှာပဲ ဒီစီမံကိန်းကို စတင်လိုက်ပြီဆိုတာကို တရုတ်အစိုးရက ကြေညာလိုက်ပါပြီ။
ပထဝီနိုင်ငံရေးယမ်းစ
မဲဒေါ့ဆည်စီမံကိန်းကြောင့် တရုတ်က ဗြဟ္မပုတ္တရမြစ်ရေကို ထိန်းချုပ်ခွင့်ရသလို ဖြစ်သွားပြီး မြစ်အောက်ပိုင်းက အိန္ဒိယနိုင်ငံ ၊ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်အတွက် မြစ်ရေရှားပါးမှုဖြစ်လာမှာကို အိန္ဒိယအစိုးရက စိုးရိမ်နေပါတယ်။
မြစ်ရေရရှိမှုအတွက် တရုတ်အပေါ် မှီခိုလာရသလို ဖြစ်ပြီး တရုတ်က ပိုလွှမ်းမိုးခြယ်လှယ်လာမှာကို အိန္ဒိယက စိုးရိမ်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်နဲ့ အိန္ဒိယအကြား ရေပိုင်ဆိုင်မှုစစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။
အိန္ဒိယနဲ့ တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေးဟာ နယ်စပ်အငြင်းပွားပြဿနာကြောင့် ဆက်ဆံရေးတင်းမာနေခဲ့ရာကနေ မကြာသေးခင်ကမှ ပြန်အဆင်ပြေလာခဲ့တာပါ။
နှစ်နိုင်ငံအကြား ပဋိပက္ခထပ်မံပေါ်ပေါက်လာရင် တရုတ်က ဆည်ရေတွေ လွှတ်ချပြီး နယ်စပ်ဒေသတွေမှာ ရေလွှမ်းမိုးအောင် လုပ်လာမှာကို အိန္ဒိယက စိုးရိမ်နေပါတယ်။
အိန္ဒိယနဲ့ တရုတ်အကြား ပထဝီနိုင်ငံရေးတင်းမာမှုဟာ ဒီစီမံကိန်းကြောင့် ပိုဆိုးရွားလာနိုင်တယ်လို့ ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပွင့်လင်းမြင်သာမှုကင်းမဲ့နေတာကို အိန္ဒိယက စိုးရိမ်နေတယ်ဆိုတာကိုလည်း နယူးဒေလီအခြေစိုက် မီဒီယာတစ်ခုက ဖော်ပြပါတယ်။
ငလျင်ကြောပေါ်က ကမ္ဘာ့အကြီးဆုံးဆည်
ဇူလိုင်လ ၁၉ ရက်နေ့က စတင်လိုက်တဲ့ တရုတ်အစိုးရရဲ့ မဲဒေါ့ဆည်စီမံကိန်းမှာ ကြီးမားတဲ့ နောက်ထပ်ပြသနာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ စီမံကိန်းရဲ့ တည်နေရာပါပဲ။
မဲဒေါ့ဆည်စီမံကိန်းရဲ့ တည်နေရာဖြစ်တဲ့ တိဘက်ကုန်းပြင်မြင့်ဟာ ငလျင်ပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံးဆည်ကို တည်ဆောက်တဲ့နေရာဟာ ငလျင်လှုပ်ခတ်မှုနဲ့ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နေရာဖြစ်နေပါတယ်။
ကမ္ဘာ့အကြီးဆုံးဆည်ကြီးကနေ ထိန်းသိမ်းထားမယ့် ကြီးမားတဲ့ ရေထုထည်ကြောင့် ဒီအခြေအနေတွေက ပိုဆိုးရွားလာနိုင်တယ်လို့ အိန္ဒိယအခြေစိုက် ရေထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင် Vishwanath Srikantaiah က ဆိုပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒီစီမံကိန်းအတွက် အဆင့်မြင့်နည်းပညာသုံး ဘူမိဗေဒလေ့လာမှုတွေ အသေအချာ လုပ်ဆောင်ထားပြီးတာမို့ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။ ဒီစီမံကိန်းဟာ ဂေဟစနစ်ကာကွယ်ထိန်းသိမ်းရေးအတွက်လည်း ဦးစားပေးဆောင်ရွက်ထားတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။
Vishwanath Srikantaiah ကတော့ “မြစ်ပေါ်မှာ ဆည်ဆောက်လိုက်တိုင်း မြစ်အောက်ပိုင်းဒေသတွေမှာ ဂေဟစနစ်အရ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာတယ်” လို့ ပြောပါတယ်။
မဲဒေါ့ဆည်တည်ဆောက်ရေးစီမံကိန်းကြီးဟာ ဗြဟ္မပုတ္တရမြစ်ရဲ့ ရေစီးဆင်းမှုအနေအထားကို သေချာပေါက်ထိခိုက်စေမှာပါ။ မျိုးရင်းအပင်နဲ့ သတ္တဝါတွေရဲ့ ရှင်သန်မှုကိုပါ အန္တရာယ်ပေးလာနိုင်ပါတယ်။
မြစ်အောက်ပိုင်းက နိုင်ငံတွေဆီ မြစ်ရေစီးဆင်းမှုကို တရုတ်အစိုးရက ထိန်းချုပ်လာနိုင်ခြေကြောင့် ရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာမယ့်အရေး သက်ဆိုင်ရာနိုင်ငံတွေမှာ စိုးရိမ်မှု ကြီးထွားလာပါတယ်။
“ဒီဆည်ကို တရုတ်က သူတို့ရဲ့ လက်နက်တစ်ခုလို သုံးလာနိုင်တယ်။ ဆည်လည်ပတ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ထိန်ချန်ထားပြီး ဒီဆည်ကို သူတို့ရဲ့ လက်နက်တစ်ခုလို သုံးလာနိုင်တယ်” လို့ ရေထိန်းသိမ်းရေးကျွမ်းကျင်ပညာရှင် Vishwanath Srikantaiah က ဆိုပါတယ်။
“မဲခေါင်မြစ်ပေါ်မှာ တရုတ်က ဆောက်ထားတဲ့ ဆည်တွေဆီကနေ အိန္ဒိယက သင်ခန်းစာ ယူလို့ရတယ်။ အဲဒီဆည်တွေကြောင့် မြစ်အောက်ပိုင်းက နိုင်ငံတွေအတွက် ထိခိုက်ခဲ့တယ်။ အထူးသဖြင့် မိုးခေါင်တဲ့ နှစ်တွေမှာ ပိုဆိုးတယ်။ အဲဒီဆည်တွေကို တရုတ်က များသောအားဖြင့် သူတို့အကျိုးစီးပွားအတွက်ပဲ လည်ပတ်အသုံးချခဲ့တယ်။ ဒါကို အိန္ဒိယက သင်ခန်းစာယူလို့ ရတယ်”
မဲခေါင်မြစ်အပေါ်ပိုင်းမှာ တရုတ်က ဆောက်လုပ်ထားတဲ့ ဆည်ကြီး ၁၁ ခုကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာအတွင်း မြစ်အောက်ပိုင်းဒေသတွေမှာ မိုးခေါင်မှုတွေ ပိုအဖြစ်များလာပြီး ဆိုးဆိုးရွားရွား ထိခိုက်လာနေတယ်ဆိုတဲ့အကြောင်း သုတေသနတွေ့ရှိချက်တွေက ဖော်ပြပါတယ်။
မဲဒေါ့ဆည်စီမံကိန်းကြောင့် မြစ်အောက်ပိုင်းက ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားလို နိုင်ငံတွေဆီ ကမ္ဘာ့မြစ်ရေစီးဆင်းမှုကို ကန့်သတ်ပိတ်ဆို့ခံရပြီး ဒေသတွင်း ဇီဝမျိုးကွဲစုံလင်မှုကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မြစ်ကမ်းပါးတွေ တိုက်စားခံရတာမျိုး ပိုမိုဖြစ်လာနိုင်ပါတယ်။
အိန္ဒိယမြောက်ပိုင်းမှာ အခြေစိုက်တဲ့ ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က အခုလို ပြောပါတယ်။
“ဒီစီမံကိန်းက မြစ်ရေရဲ့ သဘာဝအလျောက်စီးဆင်းမှုကို ပြောင်းလဲပစ်တော့မယ်ဆိုတာ သံသယရှိစရာမလိုဘူး။ ဆည်ပိုကြီးလေလေ မြစ်ရေစီးဆင်းမှုအပေါ် ထိခိုက်မှုပိုကြီးလေလေပဲ”
အိန္ဒိယနိုင်ငံအတွက် ဆိုးကျိုးသက်ရောက်မှုအနေနဲ့ မဲဒေါ့ဆည်စီမံကိန်းက ဗြဟ္မပုတ္တရမြစ်ရေစီးဆင်းမှုကို ပြောင်းလဲပစ်နိုင်ပြီး စိုက်ပျိုးမွေးမြူရေး ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ သောက်ရေရရှိမှုကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာ အဲဒီဆိုးကျိုးတွေကို ပိုခံစားရနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယားအခြေစိုက် Parley Policy Initiative အဖွဲ့ရဲ့ တောင်အာရှဆိုင်ရာအကြံပေးဖြစ်သူ Neeraj Singh Manhas က ပြောပါတယ်။
“ရာသီအလိုက် မြစ်ရေထုတ်လွှတ်စီးဆင်းမှုအပြောင်းအလဲတွေက ရေလွှမ်းမိုးမှုတွေကို ပိုဆိုးရွားစေတယ်။ မြစ်အောက်ပိုင်းက ဒေသတွေမှာ မိုးခေါင်မှုတွေ ပိုဆိုးရွားပြင်းထန်လာနိုင်တယ်။ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေနဲ့ ဂေဟစနစ်တွေကိုပါ ထိခိုက်စေနိုင်တယ်”
ဘင်္ဂလားဒေ့ရှ်မှာတော့ မဲဒေါ့ဆည်စီမံကိန်းကြောင့် နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ ဂင်္ဂါ-ဗြဟ္မပုတ္တရ – မဂ္ဂနာ မြစ်ဝကျွန်းပေါ်ဒေသအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီမြစ်ဝကျွန်းပေါ်ဒေသဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေအတွက် အင်မတန်အရေးပါတယ်။
“ဒီဆည်စီမံကိန်းကြောင့် နုန်းတွေ ပိတ်မိနေပြီး မြေဆီဩဇာကြွယ်ဝမှု ဆုတ်ယုတ်လာစေတယ်။ မြစ်ဝကျွန်းပေါ် ဒေသတိုက်စားခံရမှုကို ပိုအရှိန်မြင့်လာစေနိုင်တယ်”
Neeraj Singh Manhas က အခုလို ကောက်ချက်ချပါတယ်။
“နိုင်ငံရေးအရကြည့်ရင် ဒီဆည်ဟာ မြစ်အောက်ပိုင်းက သူ့အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ အသာစီးရမှုကို မြှင့်တင်ပေးတယ်။ နဂိုကတည်းက ပထဝီနိုင်ငံရေးအရ အကဲဆတ်တဲ့ ဒေသမှာ တင်းမာမှုတွေက ဒီဆည်ကြောင့် ပိုပြင်းထန်လာနိုင်တယ်”
Ref: Hindustan Times ၊ India Today ၊ RFA
ဈာန်ဟိန်း