BREAKING
October 20, 2025

ထားဝယ်အရှေ့တောတွင် စစ်ကောင်စီ လက်နက်ကြီးထိ၍ ကားသမားသေဆုံးပြီး ခရီးသည်ငါးဦး ဒဏ်ရာရ

July 22, 2025

ပုံစာ - လက်နက်ကြီးစ ထိမှန်၍ သေဆုံးသွားသော ကိုရန်နိုင်။

ထားဝယ်အရှေ့တောဒေသ ၊ မေတ္တာမြို့နယ် ၊ ဟိန္ဒူးချောင်းရွာအနီးတွင် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက စစ်ကောင်စီ ၏ လက်နက်ကြီးကျည်စထိမှန်၍ ကားသမားတစ်ဦးသေဆုံးကာ ခရီးသည်ငါးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူသည် ပကာရီ-ထီးခီးကားဆွဲနေသည့် အသက် ၃၉ နှစ်အရွယ် ကိုရန်နိုင် ဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများ ထံမှသိရသည်။

” (ကားက)တံတားကမ်းနားမှာ လှေနဲ့ကူးဖို့လုပ်နေချိန် ကင်းပုန်းဝပ်နေတဲ့ စစ်သား(စစ်ကောင်စီ တပ်သား) က သေနတ်တစ်ချက်စပစ်ပြီးတာနဲ့ မေတ္တာဗျူဟာ(စစ်ကောင်စီ စခန်း) ဘက်က လက်နက်ကြီး ပစ်တယ်။ အဲဒီမှာ ထိသွားတယ် “ ဟု ကိုရန်နိုင် ၏ မိတ်ဆွေတစ်ဦးကပြောသည်။

ကားပေါ်ပါသည့် ခရီးသည်များသည် မေတ္တာဒေသခံများဖြစ်ကြပြီး ထားဝယ်မြို့ဘက်သို့လာစဥ် ဟိန္ဒူးချောင်းရွာ တံတားတွင် ရေကြီးနေသဖြင့် လှေဖြင့်ကူးရန် လုပ်နေသည့်အချိန်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောသည်။

ယင်းသို့ စစ်ကောင်စီဘက်က လက်နက်ကြီး မပစ်ခတ်မီ ဟိန္ဒူးချောင်းရွာအနီးရှိ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဂိတ်အနီးတွင် စစ်ကောင်စီနှင့် KNLA တို့ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြောင်း ၎င်းကပြောဆိုသည်။

” တိုက်ပွဲတော့ဖြစ်တယ်။ ဟိန္ဒူးချောင်းမှာ ကျွန်တော်တို့ KNLA ဂိတ်တစ်ခု ရှိတယ်။ အဲဒီဂိတ်မှာ စကစ ကလာပစ်တယ်။ လာပစ်တော့တိုက်ပွဲဖြစ်တယ်။ ရန်သူဘက်က လက်နက်ကြီးပစ်တော့ ရွာသားတွေမှာ တစ်ဦးက ကိုရန်နိုင် ဆုံးတယ်။ ငါးယောက်က ဒဏ်ရာရတယ် ” ဟု ပဒိုစောအယ်နား ကပြောသည်။

ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများဖြစ်ပြီးနောက် ကျန်ခရီးသည်များကို စစ်ကောင်စီတပ်သားများက စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သေးသည်ဟု ဖြစ်စဥ်အားသိရှိသည့် ထားဝယ်-ထီးခီး ကားသမားတစ်ဦးကပြောပြသည်။

ဇူလိုင်လ ၂၁ ရက်ညနေပိုင်းတွင်မူ စစ်ကောင်စီက စစ်ဆေးရန် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ခရီးသည်များပြန်လွှတ်ပေးခဲ့သည်ဟု ကေအဲန်ယူ ထံမှသိရသည်။

” တချို့ရွာသားတွေနဲ့ ခရီးသည်တွေ စကစက ဖမ်းထားတာ ၊ အခုတော့ပြန်လွှတ်လိုက်ပြီ။ ဖမ်းထားသူတွေဆီက ပိုက်ဆံရော ၊ ပစ္စည်းရောအကုန် စကစက ယူသွားတယ်။ လူပဲ ပြန်လွှတ်ပေးတယ် “ ဟု ပဒိုစောအယ်နား ကပြောသည်။

ဇူလိုင်လ ၈ ရက်ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာ မှ ဥယျာဉ်ခြံ တစ်ခု၌ နေသည့် ကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး သေဆုံးပြီး တစ်ဦး လက်တစ်ဖက်ဆုံးရှုံးခဲ့ရသေးသည်။