ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်ချောဈေး ဆက်တိုက်တက်နေသည့် ထားဝယ်ဈေးကွက်

June 22, 2025

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် မေလကုန်ပိုင်းကစ၍ ဆန်ချောအမျိုးအစားတစ်ခုဖြစ်သည့် ရွှေဘိုပေါ်ဆန်း (အောင်သီဟ) အမျိုးအစားမှာ သုံးပတ်ဆက်တိုက်ဈေးတက်လျက်ရှိသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ရွှေဘိုပေါ်ဆန်း (အောင်သီဟ) ဆန်ချောတစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်မှ ဇွန်လ ၇ရက်တွင် ၂၀၂၀၀၀ကျပ်၊ ဇွန်လ ၁၄ ရက်မှာမူ ၂၀၅၀၀၀ကျပ်ဖြစ်သွားပြီး ဇွန်လ ၂၁ ရက်တွင် ၂၇၅၀၀ကျပ်ဖြစ်လာသည်။

ထို့ကြောင့် သုံးပတ်အတွင်း၌ ဆန်ချောတစ်အိတ်လျှင် ၁၂၅၀၀ ကျပ် ဈေးတက်သွားသည်ကို တွေ့ရှိရသည်။

အကယ်ဒမီ ရက်ကိုးဆယ် ဆန်ကြမ်းအမျိုးအစားမှာမူ ဇယားပါဈေးနှုန်းအတိုင်း တစ်အိတ်လျှင် ၁၂၆၀၀၀ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိသည်။

ထို့အတူ ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံ အများစုမှာ ဈေးငြိမ်လျက်ရှိသည်။

ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် မေလ ၁၇ ရက်မှစပြီး ခြောက်ပတ်ဆက်တိုက် ဈေးငြိမ်နေသလို ကြက်သွန်ဖြူ ထူး ၅ မှာလည်း တစ်ပိဿာ ၉၅၀၀ကျပ်ဖြင့် ဇွန်လ ၁၄ ရက်မှစ၍ နှစ်ပတ်ဆက်တိုက်ဈေးငြိမ်လျက်ရှိသည်။

ထို့အတူ အာလူးမှာလည်း တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် ဇွန်လ ၇ ရက်မှစ၍ သုံးပတ်ဆက်ဈေးငြိမ်လျက်ရှိသည်။

သို့သော် ကြက်သွန်ဖြူ (ကြူကုတ်) အမျိုးအစားမှာမူ တစ်ပတ်အတွင်း တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးကျလျက်ရှိသည်။ ဇွန်လ ၁၄ ရက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ဇွန်လ ၂၁ရက်တွင်မူ တစ်ပိဿာ ၁၁၀၀၀ကျပ်သို့ ဈေးကျသွားခြင်း ဖြစ်သည်။