BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 22, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ

CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ကန့်ကွက်ခံရ

Photo -Dawei Watch

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်တဲ့ ‘အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ’ဟာ ဒီမိုကရေစီစံနှုန်းတွေ၊လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကွဲလွဲနေတယ်ဆိုပြီး ကန့်ကွက်ခံရပါတယ်။

ဇွန်လ ၁၃ရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ CDM တွေကို ဂုဏ်ပြုချီးမြှင့်ဖို့၊ ပြန်လည်ကုစားပေးဖို့၊ အမှန်တရားနဲ့ တရား မျှတမှုရှာဖွေပေးဖို့ ရည်ရွယ်တယ်လို့ဆိုပြီး တခြားတစ်ဖက်မှာလည်း Non-CDMတွေကို အရေးယူမယ်လို့ပြဋ္ဌာန်းထားပါတယ်။ CDMတွေကို ဂုဏ်ပြုမယ်ဆိုတဲ့အပေါ်ထောက်ခံကြပေမယ့် Non-CDM တွေကို အရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုတော့ ဝေဖန်ကြပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကိုအကြမ်းဖက်ရာမှာပါဝင်သူတွေကို ကျူးလွန်တဲ့ ပြစ်မှုအလိုက် အရေးယူရမှာဖြစ်ပေမယ့် CDM မလုပ်သူတိုင်းကို အရေးယူမယ်လို့ သိမ်းကျုံးပြဋ္ဌာန်းလိုက်တဲ့အပေါ် ကန့်ကွက်ကြတာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ကတော့ CDM လှုပ်ရှားမှုဟာ ဥပဒေ အာဏာသုံး ဖန်တီးယူလို့ မရဘူးလို့ ထုတ်ပြန်ထားပါတယ်။ CRPH ရဲ့ Non-CDM အပေါ်သဘောထားဟာ စစ်ကောင်စီက CDM တွေအပေါ်ထားတဲ့ သဘောထား လိုပဲလို့ ဆိုထားပါတယ်။ ဒါ့အပြင် ကိုယ့်အင်အားစုကို စုစည်း၊ ကြားလူကို စည်းရုံး၊ ရန်သူကို ကိုယ့်ဘက်တော်သား ဖြစ်လာအောင် စည်းရုံးရမယ်ဆိုတဲ့ နိုင်ငံရေးဗျူဟာကိုလည်း ဆန့်ကျင်နေတယ်လို့ ဝေဖန်ထားပါတယ်။

ဥပဒေမပြဋ္ဌာန်းခင်ကပင် Non-CDM တွေ အပေါ်မှာ ခွဲခြားဆက်ဆံတာတွေ၊ အရေးယူအပြစ်ပေးတာတွေရှိနေချိန် အခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာကြောင့် Non-CDM အပေါ် အရေးယူအပြစ်ပေးတာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ Non-CDM တွေ ပူးပေါင်းဖို့ တွန့်ဆုတ်သွားတာတွေ အပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုဆိုးလာနိုင်တယ်လို့လည်း ဝေဖန်ထောက်ပြမှု တွေ များစွာရှိနေပါတယ်။ CDM ဝန်ထမ်းတွေကိုတောင် ထောက်ပံ့ကူညီတာတွေ မလုပ်နိုင်၊ လုံခြုံရေးအာမခံချက်တွေ မပေး နိုင်တဲ့ ကာလမျိုးမှာ Non-CDM တွေကို အရေးယူမယ်လို့ ဥပဒေပြဋ္ဌာန်းတာဟာ မသင့်တော်ဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။

CRPH နဲ့ NUG ဘက်ကတော့ ဒီဥပဒေဟာ ၄ နှစ်လောက် အချိန်ယူပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပြီး CDM တွေကို ဂုဏ်ပြုချီးမြှင့် ကုစားဖို့ပဲ ဖြစ်တယ်လို့ ဆိုသလို Non-CDM တွေ လက်စားချေ အရေးယူဖို့ မဟုတ်ဘူးလို့ တုံ့ပြန်ထားကြပါတယ်။

……………………………………..

တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမှာ တိုက်ပွဲတွေပြင်းထန်

ပုံစာ – ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲတွေမှာ သံချပ်ကာကားတွေနဲ့ သွားလာနေတဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံမှတ်တမ်းကို AA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ထားတာပါ။ Photo – AA info Desk

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ များစွာရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား ဇွန်လဆန်းကနေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းဝန်းကျင်နဲ့ ရခိုင်မှာ အကြီးဆုံးဖြစ်တဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးတွေမှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ ကျောက်ဖြူမြို့အတွက် ခံတပ်သဖွယ်ဖြစ်တဲ့ အမှတ် ၃၂ရဲတပ်ရင်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ပြိုင်းစေ့ကေရွာ စခန်းကိုတော့ AA က အခုရက်ပိုင်းအတွင်း သိမ်းယူထားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မြို့ပေါ်မှာ တပ်ရင်း နှစ်ခုရှိပေမယ့် အင်အားနည်းတာကြောင့် အမှတ် ၃၂ ရဲတပ်ရင်း ကျသွားရင် ကျောက်ဖြူမြို့ကို AA က ထိန်းချုပ်သွားနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးပြီး ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း အဖမ်းခံရသလို AA နဲ့ လာရောက်ပူးပေါင်းတာတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

AA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တွေဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ ကိုးကန့်တပ်ဆိုရင် လားရှိုးမြို့ကို စစ်ကောင်စီဆီ ပြန်ပေးခဲ့ရသလို တအာင်းတပ်ကိုလည်း သိမ်းထားတဲ့ မြို့တွေကို ပြန်စွန့်ဖို့ တရုတ်က ဖိအားပေးနေပါတယ်။

……………………………………..

ရွှေတစ်ကျပ်သား ကျပ်သိန်း ၈၀ အထိရှိလာ

Photo – Dawei Watch

ပြည်တွင်းမှာ အခေါက်ရွှေစျေးတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်အထိ စံချိန်တင် စျေးမြင့်တက်နေပါတယ်။

ဇွန်လ ၂၀ ရက်မှာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်ဖြစ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းစျေးမှာတော့ ပြင်ပပေါက်စျေးနဲ့ ကျပ်သိန်း ၂၀ ကျော်ကွာဟနေပြီး တစ်ကျပ်သားကို ကျပ် ၅၉ သိန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာမှာတော့ ရွှေတစ်ကျပ်သား ကျပ် ၆၇သိန်းဝန်းကျင်အထိ စျေးတက်သွားတာဖြစ်ပါ တယ်။ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုမြင့်တက်လာတာ၊ ကမ္ဘာ့ရွှေစျေးမြင့်တက်လာတာတွေကြောင့် ရွှေစျေးတွေလည်း လိုက်ပါမြင့်တက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကိုလည်း ကျပ် ၄၅၀၀ကျော် စျေးပေါက်နေပါတယ်။

ရွှေစျေးတွေတက်နေတာကြောင့် စစ်ကောင်စီဟာ ဇွန်လ ဒုတိယပတ်မှာ ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင် ၁၀ ကျော်ကို ဖမ်းဆီးခဲ့တာတွေကြောင့် ရွှေလုပ်ငန်းရှင်တွေ သတိထားနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ အရောင်းအဝယ် လုပ်တာကြောင့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေစျေးတွေ ကမောက်ကမဖြစ်တယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က အပြစ်ဖို့ထားပြီး အရေးယူမယ်လို့လည်း ဇွန်လ ၁၂ရက်မှာ သတိပေးချက် ထုတ်ထားပါတယ်။

……………………………………..

​ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မွေးနေ့မှာ တောင်းဆို

Photo – European Union in Myanmar

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ အမေရိကန်၊ ယူကေအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတချို့က တောင်းဆိုကြပါတယ်။

ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ မွေးနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲကနေ ဖြတ်သန်းရတဲ့ ငါးကြိမ်မြောက် မွေးနေ့လည်းဖြစ်ပါတယ်။ သူဘဝနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လိုလားတောင်တမှုတွေကို ထပ်ဟပ်တယ်လို့ အမေရိကန်သံရုံးရဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ အင်္ကျီအပြာဝတ်ဆင်လှုပ်ရှားမှုတွေလုပ်ကြပါတယ်။ တိုင်းရင်းသားဒေသတွေ၊ တော်လှန်ရေးထိန်းချုပ်ဒေသတွေနဲ့ ပြည်ပတွေမှာပါ လူထုလှုပ်ရှားမှုတွေလုပ်တာ၊ မွေးနေ့ကိတ်ခွဲတာ၊ မွေးနေ့ဆုတောင်းတာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဖမ်းဆီးအရေးယူဖို့ ခြိမ်းခြောက်မှုတွေကြားကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာလည်း လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့ဆုတောာင်း ရုပ်သံ ရှစ်သောင်းနဲ့ ဂင်းနစ်စံချိန်တင်ရေးကြိုးပမ်းချက်ဟာလည်း ပြည့်မြောက်ကျော်လွန်ခဲ့ပါတယ်။

Suu Foundation ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငလျင်ကြောင့် ဘယ်လက်ဒဏ်ရာရခဲ့ပြီး အသက်အရွယ်အရ၊ ထိခိုက်ဒဏ်ရာအခြေအနေတွေအရ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။ မွေးနေ့ မတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်အတွင်းဖြတ်သန်းနေရတဲ့အခြေအနေ၊ တရားရင်ဆိုင်နေရတဲ့ ရုပ်သံမှတ်တမ်းတွေကို The Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တစ်ဦးတည်း ချုပ်နှောင်ခံရပြီး ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံထားရတဲ့ အကြောင်း၊ ဆေးဝါးကုသမှု လုံလုံလောက်လောက် မရဘဲ ကျန်းမာရေး စိုးရိမ်ရတဲ့အကြောင်းတွေ ဖော်ပြထားတာတွေ့ရပါတယ်။

……………………………………..

စစ်အုပ်စုကို တိုက်လေယာဉ်ရောင်းတဲ့ တရုတ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု Airbusရုပ်သိမ်း

ပုံစာ – Airbus ကို ဆန္ဒပြကန့်ကွက်မှု ဖြစ်စဉ်တစ်ခု (ပုံဟောင်း)

မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ ဆက်စပ်စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ တရုတ်စစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြင်သစ်လေကြောင်းကုမ္ပဏီ Airbus က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

Airbus ကုမ္ပဏီဟာ AviChina တရုတ်စစ်လက်နက်ကုမ္ပဏီမှာ ရှယ်ယာ ၅ဒသမ၀၃ ရာခိုင်နှုန်း အမေရိကန် ဒေါ်လာအနေနဲ့ဆိုရင် သန်း ၁၄၀ ထည့်ဝင်ထားတာကို ပြီးခဲ့တဲ့ ဧပြီလမှာ ရုပ်သိမ်းခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှား တောင်းဆိုမှုတွေကြောင့် အခုလို ရုပ်သိမ်းသွားတာလို့ Justice for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်စစ်လက်နက်ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ K-8 လေ့ကျင့်ရေးနဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်၊ Y-12 ဘက်စုံသုံး လေယာဉ်တွေကို မြန်မာစစ်အုပ်စုက ဝယ်ယူထားပြီး နိုင်ငံတစ်ဝန်း အရပ်သား ပြည်သူတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေ တယ်လို့ ဆိုပါတယ်။ Airbus ထွက်ခွာမှုဟာ မြန်မာစစ်အုပ်စုကို တိုက်ရိုက် သွယ်ဝိုက်နည်းလမ်းတွေနဲ့ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအတွက် သတိပေးတပ်လှန့်မှု တစ်ရပ်ဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ Airbus အနေနဲ့ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ရုံနဲ့ တာဝန်ဝတ္တရားတွေပြီးမြောက်သွားတာမဟုတ်ဘဲ တရုတ်ကုမ္ပဏီ ကနေ မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့တာတွေ မလုပ်နိုင်အောင် ဖိအားပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

……………………………………..