BREAKING
October 20, 2025

မြိတ်မြို့လယ် လူအသွားအလာများသည့်လမ်းပေါ် လုယက်မှုဆက်တိုက်ဖြစ်

May 22, 2025

ပုံစာ - မြိတ်မြို့တွင်းတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့ပေါ်ရှိ လူအသွားအလာများသည့်လမ်းပေါ်တွင် ငွေကြေးနှင့် ပစ္စည်းလုယက်မှုများ ဆက်တိုက်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မေလ ၂၀ရက် ညတွင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါညတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦး လုယက်ခံရရာ ငွေကျပ် ၂ သိန်းဝန်းကျင်နှင့် လက်ကိုင်ဖုန်း တစ်လုံးပါသွားသည်ဟု သိရကြောင်း ၎င်းတို့က ဆိုသည်။

ထို့နောက် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ထပ်မံလုယက်ခံရရာ ငွေကျပ် ၂ သိန်းကျော်ပါသွားပြီး ဆိုင်ကယ် တစ်စီးတည်းအတူစီးလာသည့် အခြားအမျိုးသမီးနှစ်ဦးကို ထပ်မံလုယက်ခဲ့သော်လည်း ပစ္စည်းတစ်စုံတစ်ရာ မပါသွား ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

အဆိုပါလုယက်မှုသုံးခုစလုံးကို အမဲရောင် အင်္ကျီလက်ရှည် ဝတ်ဆင်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်မောင်းကာ လုယက်နေခြင်းဖြစ်ကြောင်း လုယက်ခံရသူများ၏ ပြောဆိုချက်ကို ကိုးကားပြီး မြို့ခံတစ်ဦးက ဆိုသည်။

“လူပြတ်တဲ့ နေရာတွေမှ လုတာ မဟုတ်တော့ဘူး။ လူများတဲ့နေရာတွေမှာလည်း ပေါ်တင်လုတာ။ ဆိုင်ကယ် ဘေးချင်းကပ် မောင်းလိုက်လာပြီး လုပြေးတာ။ သတိလက်လွတ်မိရင်တော့ အသက်ပါပေးလိုက်ရမှာ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့ပေါ်တွင် လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး လက်ရှိလုယက်မှုဖြစ်ခဲ့သည့် ပါရမီလမ်းမှာ မြိတ်မြို့လယ်တွင် တည်ရှိသည်။

ယခုနှစ် ဇန်နဝါရီလဆန်းကလည်း မြစ်ငယ်ရပ်၊ ရေကန်ဘောင်အနီး ဘုန်းကြီးကျောင်းအနောက်ဘက်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဖုန်းဆိုင်ဖောက်ထွင်းခံရသည့်ဖြစ်စဉ်များရှိခဲ့သလို ခိုးမှု၊ အလစ်သုတ်မှုများလည်း ခပ်စိပ်စိပ်ဖြစ်ပွား ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့ပေါ်တွင် လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည့်အတွက် စိုးရိမ် ထိတ်လန့်နေကြကြောင်း မြို့ခံများက ဆိုသည်။