လာအို-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်စာချုပ်(MoU)ဖြင့် စေလွှတ်ခြင်းခံရသော မြန်မာအလုပ်သမားများ လာအိုတွင် လုပ်အားခေါင်းပုံဖြတ်ခံနေရသော်လည်း ကူညီဖြေရှင်းပေးမည့်သူ မရှိဘဲ ကူရာမဲ့အခြေအနေကို ရင်ဆိုင်နေကြရသည်။
မြန်မာလုပ်သားများမှာ ပုံမှန်အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး တစ်နေ့အလုပ်ချိန် ၁၀ နာရီအထိ ဆင်းနေရသလို လုပ်အားနှင့် အခြားအခွင့်အရေးများ ခေါင်းပုံဖြတ်ခံနေရသည်။
လာအိုရှိ စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ စာချုပ်ပါ အချက်အလက်များအတိုင်း ခံစားခွင့်များမရပဲ အလုပ်ချိန် ဆယ်နာရီကျော်နှင့် အချိန်ပိုကြေးများပါ ပုံမှန် ရရှိခဲ့ခြင်းမရရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်ခွင့်လည်း မရကြပေ။
ထို့အပြင် အလုပ်ချိန် ၈ နာရီသာလုပ်ရကြောင်း၊ နာမကျန်းခွင့်နှင့် လူမှုဖူလုံရေးခံစားခွင့်များကို ဆောင်ရွက်ပေးထားကြောင်း ရေးသားထားသော စာရွက်တွင်လည်း စက်ရုံတာဝန်ရှိသူက အလုပ်သမားများကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းသည်။
ယင်းဖြစ်စဉ်များကို ထုတ်ဖော်ပြောဆိုသော အလုပ်သမားများကိုလည်း စက်ရုံဘက် အလုပ်ထုတ်နေသဖြင့် အလုပ်သမားအများစု မပြောဆိုရဲကြပေ။
ယင်းမြန်မာအလုပ်သမားများမှာ မြန်မာပြည်တွင်းရှိ တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်များကတစ်ဆင့် တရားဝင် စာချုပ်ချုပ်၍ စေလွှတ်ထားခြင်းဖြစ်သော်လည်း တာဝန်ယူဖြေရှင်း ပေးမည်သူမရှိဘဲ တရားမဲ့လုပ်ရပ်များကို ငြိမ်ခံနေကြရကြောင်း အလုပ်သမားများကဆိုသည်။
ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီကလည်း မြန်မာနိုင်ငံအစိုးရဟု ဂုဏ်ဆာပြောဆိုနေသော်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးကို ကူညီပေးခြင်းမရှိသလို စစ်ကောင်စီ၏ ပြည်ပသံရုံးများက ကိုယ့်နိုင်ငံသားများအပေါ် ဖိနှိပ်မှုများသာ တိုး၍လုပ်ဆောင်နေကြောင်း တွေ့ရသည်။
ဘယ်စက်ရုံလဲ
ယခင်က မြန်မာနိုင်ငံမှ လာအိုသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်ခြင်းမျိုး မရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိုင် ရှားပါးလာမှုနှင့်အတူ လာအိုသို့အလုပ်သမား စေလွှတ်သည့် အစီအစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးနှင့် လာအို အလုပ်သမားရေးဝန်ကြီး တို့အကြား နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် လာအိုသို့ MOU စနစ်ဖြင့် အလုပ်သမား စေလွှတ်မှုများ တရားဝင်လုပ်ဆောင်လာခြင်းဖြစ်သည်။
ယခုလုပ်အားခေါင်းပုံဖြတ်ခံနေရသည့် မြန်မာအလုပ်သမားများမှာ စစ်ကောင်စီနှင့် လာအိုအစိုးရကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် နိုဝင်ဘာလတွင် တရားဝင်ပို့ဆောင်လိုက်သော အလုပ်သမားများဖြစ်သည်။
မြန်မာအလုပ်သမားများအား ပုံမှန်အလုပ်ချိန်ကို ဆယ်နာရီအထိ ဆင်းခိုင်းနေသော စက်ရုံမှာ လာအိုနိုင်ငံရှိ အထည်ချုပ်စက်ရုံဖြစ်သော Everlaos ကုမ္ပဏီဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
ယင်းစက်ရုံသည် Alpilao စက်ရုံ၏ စက်ရုံခွဲတစ်ခုဖြစ်ပြီး မြန်မာအလုပ်သမားများအပေါ် လုပ်အားခေါင်းပုံဖြတ်နေကြောင်း အလုပ်သမားများက ပြောသည်။
Everlaos စက်ရုံသို့ မြန်မာအလုပ်သမားများကို ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတစ်ခုဖြစ်သော အားထန် (AR HTAN) ကုမ္ပဏီက MoU စနစ်ဖြင့် သုံးနှစ်စာချုပ်ချုပ်၍ ပြီးခဲ့သော နိုဝင်ဘာလခန့်က စေလွှတ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် စက်ရုံထဲ မြန်မာအလုပ်သမား ၂၀၀ ကျော်ရှိနေပြီး တစ်နေ့ပုံမှန်အလုပ်ချိန်အနေဖြင့် နံနက် ၈ နာရီမှ ည ၇ နာရီအထိ ဆယ်နာရီကြာအောင် အလုပ်လုပ်နေရကြောင်း အလုပ်သမားများထံမှ သိရသည်။
ညဘက်တွင်လည်း အချိန်ပို ဆက်ဆင်းနေရပြီး ညဘက် ၁၀ နာရီအထိ လုပ်ရသော ရက်များလည်း ရှိကြောင်း အလုပ်သမားများကဆိုသည်။
စက်ရုံထဲ ပုံမှန်အလုပ်ချိန်များသည့်အပြင် အချိန်ပိုပါဆင်းနေကြရသဖြင့် အလုပ်သမားများ ကိုယ်ရောစိတ်ပါ ထိခိုက်လာနေခဲ့ကြောင်း စက်ရုံက မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“အလုပ်ချိန်က တော်တော်များတယ်။ အခက်အခဲကတော့ အလုပ်ချိန်များတာရယ်၊ နေမကောင်းလို့ နားခွင့်တောင်းတာ မပေးတာရယ်။ လက်ရှိ စက်ရုံထဲမှာ အလုပ်ချိန်များလို့ နေထိုင်မကောင်းဖြစ်နေတဲ့သူ တော်တော်များတယ်” ဟု ယင်းစက်ရုံက အမည်မဖော်လိုသူ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
လုပ်အားခအနေဖြင့် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၂၀ ခန့် (ကျပ် ၈ သိန်းခွဲခန့်) ရရှိနေပြီး အချိန်ပိုကြေးအနေဖြင့် တစ်နာရီလျှင် လာအိုငွေ ၃၀၀၀၀ Kip (၃၀၀၀ ကျပ်ခန့်) ရရှိကြောင်း ၎င်းက ဆိုသည်။
သို့သော် ညဘက်ဆင်းသော အချိန်ပိုကြေးကို စက်ရုံဘက်က မှန်မှန်မပေးပဲ လစာထုတ်သည့်အချိန်တွင် အချိန်ပိုနှုန်းဖြင့်မဟုတ်ဘဲ လစာနှုန်းအတိုင်းသာ တွက်ပေးကြောင်း မြန်မာအလုပ်သမားက ပြောသည်။
စက်ရုံသည် အထည်ချုပ်စက်ရုံဖြစ်သည့်အတွက် အထည်ပုံပျက်၊ အထည်စံချိန်မမီခြင်းမျိုး စစ်ဆေးခံရပါက လျော်ကြေးငွေများ ပြန်လည်တောင်းခံတတ်သေးကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
အကယ်၍ အထည်စံချိန်မမီပါက အလုပ်သမားများထံမှ လျော်ကြေး လာအိုငွေ ၅၀၀၀၀ Kip အထိ တောင်းခံခဲ့ကြောင်း သိရသည်။
ထို့အပြင် လုပ်ငန်းခွင်ထဲ အခြားစည်းကမ်းသတ်မှတ်ချက်များ မလိုက်နာပါက ဒဏ်ကြေးငွေ သတ်မှတ်ထားသဖြင့် အလုပ်သမားများမှာ ရသင့်သည့်လစာမရသည့်အပြင် အထည်ပျက်လျော်ကြေး၊ ဒဏ်ကြေးများပါ ထပ်ဆောင်းပေးဆောင်နေရသေးကြောင်း ၎င်းတို့ကပြောသည်။
စာချုပ်ပါတိုင်း ခံစားခွင့်မရကြ
အလုပ်ရှင်၊ အလုပ်သမားစာချုပ်ထဲတွင် နေမကောင်းပါက ဆရာဝန်များနှင့် ပြသရန် စက်ရုံဘက်က တာဝန်ယူကြောင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များရှိကြောင်း ပါရှိသည်။
သို့သော် အလုပ်သမားများက နေမကောင်းဖြစ်သောအခါ သွားလာစရိတ်နှင့် ဆေးကုသစရိတ်များကို ကိုယ်တိုင် ကျခံနေရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
“နေမကောင်းလို့ နားခွင့်တောင်းရင် ငါတို့အလုပ်အတွက် အနှောက်အယှက် ဖြစ်တယ်။ လျော်ကြေး ဒေါ်လာ ၁၅၀၀ ပေး(ပြီး) မြန်မာပြည်ပြန်(တော့)လို့ ပြောခံရတယ်” ဟု စက်ရုံက အမည်မဖော်လိုသူ အလုပ်သမားက ဆိုသည်။
ယင်းအပြင် စက်ရုံထဲသို့ လာအိုအာဏာပိုင်များ စစ်ဆေးရေး ဝင်ရောက်လာသောအခါ မြန်မာအလုပ်သမားများ ဖြေကြားရန် အဖြေစာရွက်များကို ကြိုတင်ထုတ်ပေးထားသေးသည်။
ယင်းစာရွက်တွင် စစ်ဆေးရေးဝင်သောအခါ ပုံမှန်အလုပ်ချိန် ၈ နာရီသာရှိကြောင်း၊ စက်ရုံဘက်က နေစရာ စားစရာစီစဉ်ပေးကြောင်း၊ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားများက ဖြေကြားရန် ရေးသားထားသည်။
ယင်းစာရွက်များတွင်လည်း အလုပ်သမားများကို လက်မှတ် အတင်း ထိုးခိုင်းထားကြောင်း မြန်မာအလုပ်သမားက ပြောသည်။
သို့သော်လည်း ယင်းအချက်များက လက်တွေ့လုပ်ငန်းခွင်ထဲ ကြုံတွေ့နေရသည်များနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း ပြောသည်။
“ခိုင်းတာကဆယ်နာရီ။ စစ်ဆေးရေးတွေကို ပြောခိုင်းတာက ရှစ်နာရီ။ လက်မှတ်လည်း အတင်းအကျပ် ထိုးခိုင်းတယ်” ဟု အလုပ်သမားက ဆိုသည်။
ကိုက်ညီမှုမရှိကြောင်း ထုတ်ဖော်ပြောကြားသူများကိုလည်း စက်ရုံဘက်က အလုပ်ထုတ်လိုက်ခြင်းမျိုး ကြုံနေရသဖြင့် အလုပ်သမားအများစုက ထုတ်ဖော်မပြောရဲကြကြောင်း ၎င်းက ပြောသည်။
အေဂျင်စီဘက်က တုံ့ပြန်မှု
စက်ရုံဘက်က အလုပ်ချိန်များမှု၊ အလုပ်သမားများအပေါ် လုပ်အားခခေါင်းပုံဖြတ်မှုနှင့် အခြားအခက်အခဲများကို စေလွှတ်ထားသော အားထန်ကုမ္ပဏီကို အလုပ်သမားများက အကြောင်းကြားခဲ့သော်လည်း အေဂျင်စီဘက်က ကူညီပေးမှု မရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အားထန်ကုမ္ပဏီ၏ ဖုန်းကို ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်ကို ပြီးခဲ့သော ရက်ကမှ သိရသဖြင့် လိုအပ်သည့်အရာများကို ကူညီဆောင်ရွက်ပေးဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။
“ကျွန်မတို့လည်း ဒီဖြစ်စဉ်ကို ညကမှ သိလို့ စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီး ကူညီဆောင်ရွက်ပေးဖို့ လုပ်နေပါတယ်” ဟု တာဝန်ရှိသူက ဖြေကြားသည်။
နောက်ထပ် လာအိုနိုင်ငံရှိ မြန်မာသံရုံကိုလည်း ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပြီး စက်ရုံဘက်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အလုပ်သမားများက ပုံမှန်အလုပ်ချိန် ၈ နာရီသာ ဆင်းရန်နှင့် အခြားခံစားခွင့်များကို စက်ရုံဘက်က တာဝန်ယူပေးရန် တောင်းဆိုထားသည်။
“နေမကောင်းလို့ ပြန်တဲ့သူတွေကို လျော်ကြေးမတောင်းဖို့နဲ့ နေမကောင်းရင် နားခွင့်ပေးဖို့ပါ။ OT (အချိန်ပို) မဆင်းနိုင်ရင် အတင်းအကျပ် မခိုင်းဖို့ပါပဲ” ဟု အလုပ်သမားတစ်ဦးက ၎င်းတို့တောင်းဆိုထားသည်များကို ပြောပြသည်။
ယင်းသို့အလုပ်သမားများ မတရားခံနေရသည့် အခြေအနေကို လာအိုရှိ မြန်မာသံရုံးကလည်း လက်ရှိအချိန်အထိ ဖြေရှင်းပေးခြင်း၊ ဆက်သွယ်မေးမြန်းခြင်းများ မရှိသေးကြောင်း အလုပ်သမားများထံမှသိရသည်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တရားဝင် စေလွှတ်ခြင်းခံရသည့် မြန်မာအလုပ်သမားများမှာ စာချုပ်ပါ သတ်မှတ်ခံစားခွင့်မရဘဲ လုပ်အားခေါင်းပုံဖြတ်ခံနေသည့် အခြေအနေကို ရင်ဆိုင်နေရသော်လည်း ကူညီပေးမည့်သူ မရှိဖြစ်နေသည်။
ယင်းသို့သော် ဖြစ်စဉ်များ အခြားစက်ရုံများတွင်လည်း ဖြစ်မဖြစ်ကိုမူ လတ်တလော မသိရသေးပေ။ သို့သော် သေချာသည်က လာအိုရောက် မြန်မာအလုပ်သမားများမှာ ကူရာမဲ့အခြေအနေကို ရင်ဆိုင်နေရခြင်းပင်ဖြစ်သည်။