တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအနီးရှိ ကျောက်တောင်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ပြည်သူကို ပစ်မှတ်ထားကြဲတာပါ” ဟု ၎င်းက ပြောသည်။
ဗုံးများမှာ ရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်မှု မရှိဟု ကနဦးသိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး ပွိုင့်ဖိုက် စက်သေနတ်ဖြင့်ပါ အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။
“လူတော့ မထိခိုက်ဘူး။ ဘာမှ မဖြစ်ကြဘူး။ ကြိုပြီးတော့ ရှောင်လို့မီ သွားတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
တနင်္သာရီမြို့နယ်ရှိ သရဘွင်ကျေးရွာအုပ်စုအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများကို ၂၀၂၂ ခုနှစ်ဝန်းကျင်ကတည်းက ဆန်ဆီရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်။