အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) သို့ ရောက်ရှိနေသော နိုင်ငံတကာသံတမန်အဖွဲ့ကို အစ္စရေးတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် သတိပေးပစ်ခတ်ခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ စီစဉ်ပေးမှုအရ အနောက်ဘက်ကမ်း ၊ ဂျာနီးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတကာသံတမန် ၂၅ ဦး ပါဝင်သည့် အဖွဲ့၏ တရားဝင်လေ့လာရေးခရီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ယင်းသို့ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာက ဒေါသတကြီး ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ဖိအားပေးတောင်းဆိုလျက် ရှိသည်။
အဆိုပါ သံတမန်အဖွဲ့က မီဒီယာများသို့ အင်တာဗျူးဖြေကြားနေစဉ် ၎င်းတို့ အနီးအနား၌ ရုတ်တရက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို အင်တာနက်ပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
ယင်းကြောင့် သံတမန်များနှင့် သတင်းထောက်များပါ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်ခဲ့ရသည်ကို အဆိုပါဗီဒီယိုမှတ်တမ်းထဲ၌ တွေ့ရသည်။
အဆိုပါအဖွဲ့တွင် အီတလီ ၊ ကနေဒါ ၊ အီဂျစ် ၊ ဂျော်ဒန် ၊ ယူကေ ၊ တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သံတမန်များ ပါဝင်သည်။
အဆိုပါ ခရီးစဉ်ကို လက်ခံသော်လည်း သံတမန်များက ခွင့်မပြုထားသည့် နေရာသို့ သွားရောက်ခဲ့ခြင်းကြောင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် ကနေဒါ ၊ ဗြိတိန် ၊ ပြင်သစ်နှင့် အခြားဥရောပနိုင်ငံအစိုးရများက ၎င်းတို့နိုင်ငံရှိ အစ္စရေးသံအမတ်များကို ဆင့်ခေါ်ကာ ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပြီး ဖြေရှင်းချက်တောင်းဆိုထားသည်။
အစ္စရေး၏ ကာလရှည်မဟာမိတ်ဖြစ်သည့် ဂျာမဏီကလည်း အဆိုပါ ဖြစ်စဉ်ကို ရှုတ်ချခဲ့သည်။
အစ္စရေး၏ လုပ်ရပ်မှာ သံတမန်ဆက်ဆံရေးစံနှုန်းအားလုံးကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု အီဂျစ်အစိုးရက ဆိုသည်။
အစ္စရေးက ဂါဇာတွင် ၎င်းတို့၏ ထိုးစစ်ကို ဆက်လက်ချဲ့ထွင်လုပ်ဆောင်လျက်ရှိပြီး အနောက်ဘက်ကမ်းတွင်လည်း နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်ကာ အစ္စရေးအိမ်ရာများကို တိုးချဲ့ဆောက်လုပ်လျက် ရှိသည်။
ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကန့်ကွက်ရှုတ်ချမှုနှင့် စိုးရိမ်မှုများ ကြီးထွားလာနေစဉ် ဗုဒ္ဓဟူးနေ့ ဖြစ်ရပ်က ပိုမိုဆိုးရွားသွားစေနိုင်သည်ဟု The Guardian က ဖော်ပြသည်။
ဗုဒ္ဓဟူးနေ့ ဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အစ္စရေးစစ်တပ်က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုရလဒ်များကို သံတမန်များသို့ အသိပေးသွားမည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။
Source: The Guardian