BREAKING
May 22, 2025

ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းခေါ်သွားသည့် ရွာသားငါးဦးပြန်လွတ်

May 22, 2025

ပုံစာ - မူးဒူး-နဘုလယ် ရွာသွားလမ်း တစ်နေရာ။

ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် မှိုရှာရန် ထွက်လာသည့် ရွာသားငါးဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခုနစ်နာရီခန့်အကြာတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မေလ ၂၁ ရက် နံနက် စောစောတွင် မူးဒူရွာဘက်သို့ အနောက်ဘက် တောကြောအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းစစ်ကြောင်းသည် နံနက် ၅ နာရီဝန်းကျင်တွင် မူးဒူးရွာအနောက်ဘက် တောထဲသို့ရောက်လာချိန် မှိုရှာရန် တောထဲသို့ ရောက်ရှိနေသည့် မူးဒူးရွာသားများနှင့် ‌‌တွေ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းနှင့်တွေ့သဖြင့် ရွာသားများကထွက်ပြေးကြပြီး ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်က နှစ်ချက်ဖောက်သံကြားရတယ်။ (ကိုယ်တိုင်ကြုံခဲ့သူတွေ) သူတို့ပြောတာက ထွက်ပြေးကြလို့ မိုးပေါ် ထောင်ပြီး ခြောက်ပစ် ပစ်တာတဲ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းခေါ်သွားသည့် ဒေသခံ ငါးဦးကို မူးဒူးရွာ၏တောင်ဘက် ညောင်ပင်ဆိပ်ရွာအရောက် နေ့လယ် ၁၂နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား ၇၀ ကျော်ရှိပြီး ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်းတွင် ညောင်ပင်ဆိပ်ရွာ၏ တောင်ဘက် ဘလေးရွာအနီးတွင် ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုနှစ်အတွင်း စစ်ကောင်စီနှင့် ရုရှားအစိုးရတို့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပူးပေါင်းအကောင်အထည်ဖော်ရန် သဘောတူညီမှုရရှိပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်းတွင် စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့် တပ်စွဲထားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းကစပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ နဘုလယ်ဒေသ ကျေးရွာများသို‌ ရှောင်တခင်ဝင်ရောက်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။