BREAKING
May 22, 2025

ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းစုံတွဲ ပစ်သတ်ခံရ

May 22, 2025

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ Capital Jewish Museum (မြို့တော်ဂျူးပြတိုက်) အဆောက်အအုံပြင်ပတွင် မေလ ၂၁ ရက်နေ့ ညပိုင်းက အစ္စရေးသံရုံးဝန်ထမ်းစုံတွဲကို အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်။

ပစ်သတ်ခံလိုက်ရသူနှစ်ဦးမှာ လက်ထပ်ရန် စေ့စပ်ထားသည့် အစ္စရေးသံရုံးဝန်ထမ်း လူငယ်စုံတွဲဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် Yechiel Leiter က ဆိုသည်။

အဆိုပါ သံသယတရားခံ အသက် ၃၀ အရွယ် Elias Rodriguez အမည် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုမဖြစ်ပွားမီက သံသယတရားခံသည် အဆိုပါ ပြတိုက်အရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် ရှေ့ပြန်နောက်ပြန် လမ်းလျှောက်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းနောက် လူလေးဦးစုရပ်နေသည့် နေရာသို့ လျှောက်သွားကာ သေနတ်ကို ထုတ်ယူ၍ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်တွင် သံသယတရားခံမှာ ပြတိုက်ထဲကို ဝင်ရောက်သွားခဲ့ရာ လုံခြုံရေးများ၏ ထိန်းသိမ်းမှုကို ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရပြီးနောက် သံသယတရားခံသည် ၎င်း၏ သေနတ်ကို လွှင့်ပစ်ထားခဲ့သည့်နေရာကို ရဲတပ်ဖွဲ့ဝင်များကို လိုက်လံပြသခဲ့ကာ “Free Palestine, free Palestine” (လွတ်လပ်သော ပါလက်စတိုင်း )ဟု ကြွေးကြော်ခဲ့ကြောင်း သိရသည်။

သံသယတရားခံသည် ယခင်က ရာဇဝတ်မှုမှတ်တမ်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

Source: Agencies/rl