BREAKING
May 22, 2025

ကျုံဒိုးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် တစ်လအတွင်း ကလေးနှစ်ဦးအပါ ၁၇ဦးထက်မနည်းသေဆုံး

May 22, 2025

ဓာတ် - MLA

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် တစ်လကျော်ကာလတွင် ကလေး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၇ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများနှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကော့ကရိတ်နှင့် ကျုံဒိုးဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဧပြီလ ၁၅ရက်မှ မေလ ၁၅ ရက်အထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ထံမှ သိရသည်။

သေဆုံးသူများတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦးအပြင် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း MLA က မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

မူလတန်းအရွယ်ကလေးငယ်များ၊ သံဃာတော်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်း ၂၀ ကျော်ရှိပြီး ခြေထောက် တစ်ဖက် ဆုံးရှုံးရသည်အထိ ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖော်ပြသည်။

နေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် ဘုန်းကြီးကျောင်း၊ ဗလီ၊ စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း MLA ထံမှ သိရသည်။

ယင်းအပြင် မေလ ၁၉ရက်တွင် ကျုံဒိုးအခြေစိုက် စစ်ကောင်စီ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် CDM ကျောင်းဆရာတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဆရာမမှာ ရွာတွင် ပစ္စည်းလာပြန်သယ်စဉ် ကျည်စထိမှန်သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မေလ ၂၀ ရက် မွန်လွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ကျုံဒိုးမြို့အနီး လေးတိုင်ရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။

“တိုက်ပွဲကတော့ ကြိုကြားကြိုကြားရှိနေတယ်။ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကတော့ နေ့တိုင်းလိုလိုပါပဲ။ တိုက်ပွဲမရှိလည်း အဲဒါတွေက ရှိနေတယ်” ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်နှင့် ကျုံဒိုး အနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ သိန်းနှင့်ချီ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်များကို သတိကြီးစွာ ထား၍ ဂရုတစိုက်နေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့တို့က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။