BREAKING
May 22, 2025

သရက်ချောင်း၊ ပဲဒက်ရွာတွင် ရဲမှူးမိန်းမနှင့် သမီးကို KNLA ကဖမ်းဆီးစစ်ဆေးပြီး ခံဝန်ဖြင့်ပြန်လွှတ်

May 22, 2025

သရက်ချောင်းမြို့နယ် ပဲဒက်ရွာက ရဲမှူးမိန်းမနှင့်သမီးကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃) က ဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့်ပြန်လွတ်လိုက်ကြောင်း ယင်းအဖွဲ့က အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ ပဲခူးတိုင်းဒေသကြီးတွင် တာဝန်ကျနေသည့် ရဲမှူး၏ဇနီး အသက် ၅၁ နှစ်ခန့်အရွယ် ဒေါ်တင်မာချိုနှင့် အသက် ၂၂ နှစ်အရွယ် သမီးတို့ဖြစ်ပြီး မေလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ဒေါ်တင်မာချိုမှာ ပဲဒက်ရွာဇာတိဖြစ်ပြီး ရဲမှူးတာဝန်ကျသည့် ပဲခူးတိုင်းကိုလိုက်နေခြင်းမရှိဘဲ ပဲဒက်ရွာမှာပင် လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်ဟု ပဲဒက်ရွာက အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် မေလ ၈ ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်က စစ်ကောင်စီ၏ ပဲဒက်စခန်းကို KNLA နှင့် PDF ပူပေါင်းတပ်များတိုက်ခိုက်သိမ်းယူစဉ်က ထားဝယ်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်မှာပင် နေနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“သားသမီးပညာရေးနဲ့ဆိုတော့ ထားဝယ်မြို့ပေါ်မှာပဲနေနေတယ်၊ အခုက သူ့အကိုသမီး ငွေအပ်မင်္ဂလာပွဲရှိလို့ ရွာကိုပြန်ဆင်းလာတာ၊ ရွာမှာပြန်နေဖို့လည်းပြောတယ်၊ သက်ဆိုင်ရာကို အကြောင်းကြားဖို့နောက်ကျသွားတယ်၊ အဲ့မှာလာဖမ်းခေါ်သွားတာပဲ” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်အဖွဲ့မှာ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)က တပ်ခွဲမှူး ထူးကပေါ်၏ အဖွဲ့ကဖြစ်သည်။

ဒေါ်တင်မာချိုတို့သားမိအား ရွာကိုခေါ်ယူခဲ့သည့် ၎င်း၏အကိုနှင့် ပတ်သက်ဆက်စပ်သူ ဒေသခံဆယ်ဦးခန့်ကို ထူးကပေါ်တပ်ဖွဲ့က ခေါ်ယူကာ မှောက်ခုံမှောက်ခိုင်းပြီး တုတ်ဖြင့် နှစ်ချက် သုံးချက်စီရိုက်နှက် အပြစ်ပေးခဲ့သေးသည်ဟု ရိုက်နှက်ခံရရာတွင် ပါဝင်သည့် အထက်ပါအမျိုးသားက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေါ်တင်မာချို၏ ဘယ်ဘက်မျက်လုံး မျက်ကွင်း ညိုမည်းစွဲနေသည့် ဒဏ်ရာရခဲ့သည်ဟု အထက်ပါအမျိုးသားက ပြောဆိုခဲ့သလို KNLA တပ်ရင်း(၁၂)တပ်ရင်းမှူး ပေးပို့လာသည့် ဓာတ်ပုံတွင်လည်း ဘယ်ဘက်မျက်လုံး မျက်ကွင်းညိုနေသည်ကိုတွေ့ရသည်။

ရဲမှူးမိန်းမနှင့် သမီးဖြစ်သူကို ထူးကပေါ်တပ်ခွဲက စစ်ကောင်စီနှင့်ပတ်သက်နေသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်း(၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ဆိုသည်။

“ဦးဆုံးကျတော့ ဘယ်သူမှအာမ မခံဘူးဆိုတော့ ထိန်းသိမ်းထားတယ်နော်။ သူ့ဆွေမျိုးတွေလာပြီး အာမခံပြီး လက်မှတ်တွေလာထိုးပေးနေတာဆိုတော့ ပြန်ပြီးလွှတ်လိုက်ပြီနော်၊ အမျိုးသမီးတွေကိုတော့ မရိုက်ပါဘူး၊ ဆရာမတို့လည်း သတင်းအတိအကျပြန်ပြီးလုပ်နော်၊ တစ်ဖက်သတင်းယူလို့မရဘူး” ဟု ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ဆိုသည်။

ဒေါ်တင်မာချိုကို ပြစ်မှုစိစစ်ပြီးစီးပြီဖြစ်သောကြောင့် မိမိရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုကြောင်း၊ နောက်နောင် ယခုပြစ်မှုမျိုး၊ အလားတူပြစ်မှုမျိုး ထပ်မံမကျူးလွန်ကြောင်းကို ခံဝန်ကတိပြု လက်မှတ်ရေးထိုးကြောင်း ယင်းခံဝန်စာတွင် ဖော်ပြထားသည်။